CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၄

နည်းပြသစ် ပိုချက်တီနိုက ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ၁၀ နှစ်ကနေ ၁၅ နှစ်တာကာလအတွင်းမှာ အင်္ဂလန်ရဲ့ အကြီးကျယ်ဆုံးအသင်းဖြစ်ကြောင်း ပြောခဲ့ပြီး အသင်းကို အရင်အောင်မြင်မှုတွေအတိုင်းရအောင် ပြန်လည် တည်ဆောက်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။

ပိုချက်တီနိုက “ချယ်လ်ဆီးအသင်းအကြောင်း ကျနော် ကောင်းကောင်းသိပြီး သူတို့ဟာ ကမ္ဘာ့အကြီးကျယ်ဆုံး တွေထဲက တစ်သင်းပါ။ ဒါကြောင့် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ဖို့ ဆုံးဖြတ်ချက်က ကျနော့်အတွက် လွယ်ကူ ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်၊ ၁၂ နှစ်နဲ့ ၁၅ နှစ်အတွင်းမှာ ချယ်လ်ဆီးအသင်းဟာ အင်္ဂလန်ရဲ့ အကြီးအကျယ်ဆုံး အသင်းပါ။ ပရီးမီးယားလိဂ်အကြောင်းသိသလို ချယ်လ်ဆီးအသင်းရဲ့ ယဉ်ကျေးမှုက ဘာကိုဆိုလိုလဲဆိုတာ သိပါတယ်။ 

အနိုင်ရတဲ့လမ်းကြောင်းပေါ်ကို ရောက်အောင် ထပ်ပြီးကြိုးစားမှာဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ ပရိသတ်တွေ စိတ်လှုပ်ရှားနေမယ်လို့ ထင်ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် နောက်ထပ်အောင်မြင်မှုတွေ ထပ်ပြီးယူဆောင်လာပေးချင်တယ်” လို့ ပြောခဲ့တာပါ။

ပိုချက်တီနိုဟာ ဇူလိုင်လ ၃ ရက်က ကော့ဘ်ဟမ်းလေ့ကျင့်ရေးစင်တာကို ရောက်ရှိလာပြီး ချယ်လ်ဆီးအသင်း နည်းပြသစ်အဖြစ် စတင်တာဝန်ယူပြီဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ရလဒ်တွေဆိုးရွားခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်ခဲ့သလို ဆုဖလားလက်မဲ့နဲ့ ရာသီအဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ၂၀၀၄ ကတည်းက ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်အပါအဝင် ဆုဖလားပေါင်း ၂၁ လုံး ရယူထားတာပါ။

ချယ်လ်ဆီးအသင်းဟာ အခု နွေရာသီအပြောင်းအရွှေ့မှာ အဓိက ကစားသမားတွေဖြစ်တဲ့ ကန်တီ၊ကူလီဘာလီနဲ့ မန်ဒီတို့ဟာ ဆော်ဒီကို ပြောင်းရွှေ့ခဲ့ကြပြီး ဟာဗတ်ဇ်က အာဆင်နယ်၊ ကိုဗာဆစ်က မန်စီးတီး၊ မေဆန်မောင့်က ယူနိုက်တက်၊ လောဖ့်တပ်ချိစ်က အေစီမီလန်အသင်းတွေထံ ပြောင်းရွှေ့ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ်ကစားသမားတွေလည်း အသင်းကနေ ထွက်ခွာဖွယ်ရှိနေတာပါ။ ချယ်လ်ဆီးအသင်းဟာ အခု အပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူမှုအဖြစ် အန်ကန်ကူနဲ့ ဂျက်ဆန်တို့ကိုသာ ခေါ်ယူထားတာ ဖြစ်ပါတယ်။

ပိုချက်တီနိုက “ကလပ်နဲ့ပရိသတ်တွေကို ကူညီဖို့ ကျနော်ဒီကို ရောက်ရှိလာခဲ့တာပါ။ ဘောလုံးမှာ အရေးကြီးဆုံး အရာက သူတို့ကို ပျော်ရွှင်ဖို့နဲ့ ကျနော်တို့အတွက် ဂုဏ်ယူဖို့ပါ။ ဒါကို ကစားသမားတွေ သိထားဖို့ လိုအပ်ပါတယ်။ 

ဘောလုံးသမိုင်းမှာ အမြဲတမ်းအတက်အကျရှိပေမယ့် ချယ်လ်ဆီးက ဒီလိုမျိုးမဖြစ်နိုင်တဲ့ အသင်းပါ။ အသင်းရဲ့ သမိုင်းကြောင်းက ထိပ်ဆုံးမှာရှိနေတဲ့အတွက် ကလပ်အသင်းဟာ ထိပ်ဆုံးမှာရှိနေရမယ့် လိုအပ်ချက်တွေကို ယူဆောင်လာရမယ်ဆိုတာ အသေအချာပါပဲ” လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ မကြာခင်ရက်ပိုင်းမှာ ရာသီသစ်အတွက် လေ့ကျင့်မှုအစီအစဉ်တွေကို စတင်တော့မှာဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်မှာ ခြေစမ်းပွဲအဖြစ် ရက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

Source:BBC