CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၆

ချယ်လ်ဆီးအသင်း တိုက်စစ်မှူး ဂျက်ဆန်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦး ဖြစ်လာနိုင်တယ်လို့ နည်းပြ ပိုချက်တီနိုက ပြောလိုက်ပါတယ်။

ပိုချက်တီနိုက “ဂျက်ဆန်ဟာ ငယ်ရွယ်တဲ့ ကစားသမားဖြစ်ပြီး မတူညီတဲ့ လိဂ်ကနေလာတာပါ။ ပရီးမီးယားလိဂ် ဟာ လိုက်လျောညီထွေဖြစ်အောင် လုပ်ဖို့အတွက် အမြဲတမ်း ခက်ခဲပါတယ်။ သူဟာ ဘောလုံးနဲ့အတူ ပြေးပြီး အသင်းဖော်တွေနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်တာမှာ ကောင်းမွန်ပါတယ်။ သူဟာ အချိန်ကြာတာနဲ့ အမျှ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်လာနိုင်ပါတယ်”လို့ Sky Sports ကို ပြောခဲ့ တာပါ။

ဂျက်ဆန်ဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ဗီလာရီးရယ်လ် အသင်းကနေ ပေါင် ၃၂ သန်းနဲ့ ချယ်လ်ဆီး အသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ 

ဂျက်ဆန်ဟာ ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက် ၂ ပွဲမှာ ခြေစွမ်းပြသ နိုင်ခဲ့ပေမယ့် ဂိုးပေါက် ပျောက်ဆုံး နေခဲ့တာပါ။ 

ပိုချက်တီနိုကိုတွေ့ရစဉ်

ဒါပေမယ့် လူတန်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာတော့ ဂျက်ဆန်ဟာ ချယ်လ်ဆီး အသင်းကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို ရရှိသွားခဲ့ပါတယ်။

ဆီနီဂေါလက်ရွေးစင် အသင်းတိုက်စစ်မှူး ဂျက်ဆန်ကတော့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာက အလွန် ကောင်းမွန်တဲ့ ခံစားချက်ဖြစ်တယ်လို့ ပြောခဲ့တာပါ။

ဂျက်ဆန်က “စတမ်းဖို့ဒ်ဘရစ်ချ် အိမ်ကွင်းမှာရှိတဲ့ ချယ်လ်ဆီးအသင်း ပရိသတ်တွေရဲ့ ရှေ့မှာ ဂိုးသွင်းယူနိုင်ခဲ့တာ က အလွန်ကောင်းမွန်တဲ့ ခံစားချက်ဖြစ်ပြီး ပျော်ရွှင်စရာလည်း ကောင်းပါတယ်။ နောက်ထပ် သွင်းဂိုးတွေ ထပ်ပြီး သွင်းယူကာ အသင်းကို အကူအညီပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်”လို့ ပြောခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ရာသီသစ် ပရီးမီးယားလိဂ်ပြိုင်ပွဲ ၃ ပွဲ ကစားပြီးအချိန်မှာ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်ရရှိထားတာပါ။ 

လန်ဒန်ကလပ်ဟာ ကြားရက်ထဲမှာ ကာရာဘောင်းဖလား ဒုတိယအဆင့်အဖြစ် ဝင်ဘယ်လ်ဒန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal