CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၄

ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက လီဗာပူးလ်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အသင်း ဟာ အနိုင် ၃ မှတ်ရယူဖို့ ထိုက်တန်တယ်လို့ ပြောလိုက်ပါတယ်။

ပိုချက်တီနိုက “ဒီရလဒ်က မျှတမှုမရှိပါဘူး။ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်အားလုံးကို ကျေနပ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ အနိုင်ရချင်ပြီး၊ အနိုင်ရဖို့လည်း ထိုက်တန်တဲ့အတွက် စိတ်တော့ပျက်မိပါတယ်။ လီဗာပူးလ်လို အသင်းမျိုးကို ဂိုးပေါက်တည့်မှု ၁ ကြိမ်သာ ပေးခဲ့ရတဲ့အတွက် ကျနော်တို့ အနိုင်ရဖို့ ထိုက်တန်ပါတယ်။ ဒါက ကျနော်တို့အတွက် အစပဲရှိပါသေးတယ်”လို့ ပြောခဲ့ပါတယ်။

ဒီပွဲမှာ လီဗာပူးလ်အသင်းဘက်က ဒီယက်ဇ်က ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ဒီဆာဆီက ချယ်လ်ဆီးအသင်းအတွက် ချေပဂိုး ပြန်သွင်းယူခဲ့တာပါ။ 

၂ သင်းစလုံးဟာ နောက်ထပ်သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် လူကျွံနေတဲ့အတွက် သွင်းဂိုးတွေ မရခဲ့ပါဘူး။ 

ချယ်လ်ဆီးအသင်းဟာ ဒီပွဲမှာ လီဗာပူးလ်အသင်းကို ဘောလုံးပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်းနဲ့ အသာစီး ကစားနိုင်ခဲ့ သလို ဂိုးပေါက်တည့်မှု ၄ ကြိမ်ရှိခဲ့ပါတယ်။

လီဗာပူးလ်အသင်းကတော့ ဘောလုံးပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းနဲ့ ဂိုးပေါက်တည့်မှု ၁ ကြိမ်သာရှိခဲ့တယ်လို့ အချက်အလက်တွေမှာ ဖော်ပြထားတာပါ။ 

ချယ်လ်ဆီးကစားသမားတွေကို တွေ့ရစဉ်

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဂရေဟမ်ပေါ်တာနဲ့ လမ်းပတ်တို့ လက်ထက်မှာ ရလဒ်တွေ ဆိုးခဲ့ပေမယ့် နည်းပြသစ် ပိုချက်တီနို လက်ထက်မှာတော့ အကောင်းဆုံးပုံစံ ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

အာဂျင်တီးနားလူမျိုး နည်းပြကတော့ အပြောင်းအရွှေ့မပိတ်ခင် အသင်းထံ ကစားသမားသစ်တွေ ထပ်မံရောက်ရှိ လာဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

ပိုချက်တီနိုက “ကစားသမားကောင်းတွေ လိုအပ်သလို၊ အသင်းလူ စာရင်းကိုလည်း တိုးတက်ဖို့ လိုအပ်ပါတယ်။ ကျနော်ကတော့ အသင်းကို တိုးတက်အောင် လုပ်သွားမှာဖြစ်ပြီး ကောင်းမွန်တဲ့ ကစားသမားတွေနဲ့အတူ အသင်း ဟာ ပိုပြီးတောင့်တင်းလာနိုင်ပါတယ်”လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂ အဖြစ် သြဂုတ် ၂၀ ရက် ဝက်စ်ဟမ်းအသင်း အိမ်ကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်ပါတယ်။

Source: Goal