CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၈

ပိုချက်တီနိုဟာ ချယ်လ်ဆီးနည်းပြသစ်အဖြစ် ပထမဆုံးအကြိမ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အသင်းအနေနဲ့ မန်စီးတီးကို ယှဉ်ပြိုင်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိဖို့လိုတယ်လို့ ပြောပါတယ်။

ပိုချက်တီနိုက “အခုအချိန်မှာ ကျနော်တို့ဟာ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို ဖန်တီးနိုင်တယ်လို့ ယုံကြည်မှုရှိရ မှာ ဖြစ်သလို မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်နိုင်မယ်လို့လည်း ယုံကြည်မှုရှိရပါမယ်။ ကျနော့်ရဲ့ ပစ်မှတ်နဲ့ ရည်မှန်း ချက်က အနိုင်ရဖို့ပါပဲ။ ကောင်းမွန်စွာ ကစားတာက ကျနော်တို့ရဲ့ ပုံစံ၊ အတွေးအခေါ်နဲ့ ယဉ်ကျေးမှုပါပဲ။ ချယ်လ်ဆီးလို အသင်းမှာ အနိုင်မရဘူးဆိုရင်တော့ ခင်ဗျားရုန်းကန်ရမှာပါ။ စည်းလုံးညီညွတ်မှုကို ဖန်တီးဖို့က ခက်ခဲပေမယ့် အတူတူ လုပ်ဆောင်မယ်ဆိုရင်တော့ ပရီးမီးယားလိဂ်မှာ ကျနော်တို့ ဆုဖလားထပ်ပြီး ရယူနိုင်ဖို့ နီးစပ်နိုင်ပါတယ်”လို့ ပြောပါတယ်။

အာဂျင်တီးနား လူမျိုးနည်းပြဟာ ချယ်လ်ဆီးအသင်းကို နည်းပြသစ်အဖြစ် ကိုင်တွယ်နေပြီး ရာသီသစ်အတွက် ရာသီကြို လေ့ကျင့်မှု အစီအစဉ်တွေကို စတင်နေပြီလည်း ဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ရလဒ်ဆိုးတွေကြောင့် နည်းပြ အပြောင်းအလဲ ၃ ဦးအထိ ပြုလုပ်ခဲ့ရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၂ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့တာပါ။ 

ချယ်လ်ဆီးအသင်းကိုတွေ့ရစဉ်

ပိုချက်တီနိုဟာ ချယ်လ်ဆီးအသင်း နည်းပြသစ်အဖြစ် မခန့်အပ်ခံရခင် စပါးအသင်းထံ ပြန်ဖို့ ချိတ်ဆက်ခံခဲ့ ရပေမယ့် လန်ဒန်မြို့ခံ ပြိုင်ဘက်ကိုသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ အဓိက ကစားသမား အများအပြား ထွက်ခွာ ခဲ့လို့ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေကြတာပါ။ 

ပိုချက်တီနိုကတော့ လက်ရှိရှိနေတဲ့ အစုအဖွဲ့နဲ့ အကောင်းဆုံး လုပ်ဆောင်ဖို့ မျှော်လင့်နေပါတယ်။

ပိုချက်တီနိုက “စိန်ခေါ်မှုတွေ ဘယ်လောက်များလဲ ဒါမှမဟုတ် အခက်အခဲဆုံးဆိုတဲ့ အရာတွေကို ကျနော်မတွေး ပါဘူး။ အရေးကြီးဆုံးက မျှတတဲ့ လူစာရင်းရရှိဖို့ပါ။ ကစားသမား အရေအတွက်တွေကို လျှော့ချပြီး လေ့ကျင့်ရေး ကွင်းမှာ ကောင်းမွန်တဲ့ ဖန်တီးမှုတွေကို လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။ ကျနော်တို့ဟာ အစကတည်းက အကောင်းဆုံးပေးဖို့ လိုအပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။

Source: BBC