CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၈

ယူနိုက်တက်နဲ့ အေဂျတ်စ်ဂိုးသမားဟောင်း ဗန်ဒါဆားဟာ ခရိုအေးရှားမှာရှိနေတဲ့ အားလပ်ရက်အတွင်းမှာ ဦးနှောက်သွေးယိုစီးမှုဖြစ်ပွားခဲ့တာကြောင့် အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှု ခံယူနေရတာဖြစ်ပါတယ်။

အသက် ၅၂ နှစ်အရွယ်ရှိ ဗန်ဒါဆားကို ဇူလိုင်လ ၇ ရက်က ရဟတ်ယာဉ်နဲ့ ဆေးရုံကိုပို့ဆောင်ခဲ့ရတာဖြစ်ပေမယ့် တည်ငြိမ်တဲ့ အခြေအနေမှာရှိနေတယ်လို့ သူ့ရဲ့ အသင်းဟောင်း အေဂျတ်စ်အသင်းရဲ့ ထုတ်ပြန်ချက်အရ သိရတာ ပါ။ ဒီထက်ပိုမိုတိကျတဲ့ အချက်အလက်တွေရရှိရင် ဗန်ဒါဆားရဲ့ နောက်ဆုံးရအခြေအနေတွေကို ဆက်လက် ထုတ်ပြန်ပေးသွားမှာဖြစ်ပေမယ့် အေဂျတ်စ်မှာရှိတဲ့လူတိုင်းက သူအမြန်ဆုံးပြန်ကောင်းလာဖို့အတွက် ဆုတောင်း နေကြတယ်လို့ ဒတ်ချ်ကလပ်က ပြောခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ သူ့ရဲ့အသင်းဟောင်းတွေကလည်း ကစားသမားအမြန်ဆုံးပြန်ကောင်းလာဖို့အတွက် ဆုတောင်း နေကြတယ်လို့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ရေးသားခဲ့ကြတာပါ။ ဗန်ဒါဆားဟာ ပြီးခဲ့တဲ့ မေလကမှ ၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အေဂျတ်စ်အသင်းရဲ့ အမှုဆောင်အရာရှိချုပ်ရာထူးကနေ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ 

အေဂျတ်စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက အမှတ်ပေးလိဂ်ပြိုင်ပွဲမှာ တတိယနေရာသာ ရရှိခဲ့ပြီး ၁၄ နှစ်တာကာလ အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရတာပါ။ အဲဒါကြောင့် ဗန်ဒါဆားဟာ ခက်ခဲတဲ့ ရာသီအဆုံးမှာ မောပန်းနေပြီလို့ ပြောကာ အေဂျတ်စ်အသင်းကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ 

နယ်သာလန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၃၀ ပါဝင်ကစားခဲ့တဲ့ ဗန်ဒါဆားဟာ ဂျူဗင်တပ်စ်၊ ဖူလ်ဟမ်နဲ့ ယူနိုက်တက်အသင်းတွေထံ မပြောင်းရွှေ့ခင် အေဂျတ်စ်အသင်းမှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာပါ။ ဗန်ဒါဆားဟာ ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်အပါအဝင် ဆုဖလားအောင်မြင်မှုအများအပြား ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

ကစားသမားဘဝမှာ တစ်ဦးချင်းအောင်မြင်မှုတွေလည်း အများကြီးရယူနိုင်ခဲ့တဲ့ ဗန်ဒါဆားဟာ ၂၀၁၁ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူပြီးနောက် အသင်းဟောင်း အေဂျတ်စ်အသင်းမှာ ဘုတ်အဖွဲ့ဝင်နဲ့ အမှုဆောင် အရာရှိချုပ်ရာထူးတွေကို ရယူခဲ့တာဖြစ်ပါတယ်။

Source:DailyMail