CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၈

ထိုင်းလိဂ် ၁ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကစားသမားသစ်တွေ အားဖြည့်နေတဲ့ အူထိုင်းသာနီအသင်းဟာ မြန်မာ့ လက်ရွေးစင်အသင်း တိုက်စစ်မှူး အောင်သူကို ခေါ်ယူနိုင်ခဲ့ပြီလို့ အသင်းရဲ့ ဆိုရှယ်မီဒီယာကနေ တရားဝင် ကြေညာသွားခဲ့ပါတယ်။

အူထိုင်းသာနီအသင်းဟာ ပြီးခဲ့တဲ့ရာသီက ထိုင်းလိဂ် ၂ ပြိုင်ပွဲမှာ အဆင့် ၃ နေရာရခဲ့လို့ တန်းတက်ခွင့် ပလေးအော့ဖ်ပွဲစဉ် ယှဉ်ပြိုင်ခဲ့ရပြီး ကတ်စတန်ယူနိုက်တက်အသင်းကို ဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့တာပါ။

အဲဒါကြောင့် အခုလာမယ့် ရာသီသစ်မှာ ထိုင်းလိဂ် ၁ ပြိုင်ပွဲကို တန်းတက်ခွင့် ရရှိခဲ့တဲ့အတွက် ဒီလိဂ်မှာ အတွေ့ အကြုံ အများအပြားရှိနေတဲ့ အောင်သူကို တိုက်စစ်နေရာအတွက် အားဖြည့်ခဲ့တာ ဖြစ်ပါတယ်။

အူထိုင်းသာနီအသင်းဟာ အောင်သူကို ခေါ်ယူခဲ့တဲ့ စာချုပ် အချက်အလက်တွေကို ဖော်ပြခဲ့ခြင်း မရှိပေမယ့် ၂၀၂၃-၂၄ ရာသီ တစ်ရာသီစာချုပ်သာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။ 

အောင်သူဟာ ပြီးခဲ့တဲ့ရာသီက ထိုင်းလိဂ် ၁ ကလပ် လမ်ပန်ဝါရီယာအသင်းမှာ မြန်မာ့လက်ရွေးစင်အသင်းဖော် မောင်မောင်လွင်နဲ့အတူ ကစားခဲ့ပြီး အသင်းကို လိဂ် ၁ မှာ ဆက်ပြီးရှိနေနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။

အောင်သူကို တွေ့ရစဉ်

မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးဟာ လမ်ပန်ဝါရီယာ မတိုင်ခင် ထိုင်းလိဂ် ကလပ်တွေဖြစ်တဲ့ ပူးလစ်စ်တယ်ရို၊ မြောင်တောင်ယူနိုက်တက်နဲ့ ဘူရီယမ်ယူနိုက်တက်အသင်းတွေမှာ ကစားခဲ့ပါတယ်။ 

အသက် ၂၈ နှစ်အရွယ်ရှိ အောင်သူဟာ ထိုင်းလိဂ် အသင်းတွေမှာ ပွဲပေါင်း ၁၃၄ ပွဲအထိ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး ၃၃ ဂိုး သွင်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

အောင်သူဟာ အောင်မြင်မှုတွေအဖြစ် အသင်းဟောင်း ဘူရီယမ်အသင်းနဲ့အတူ ထိုင်းလိဂ် ၁ အမှတ်ပေးဖလား၊ FA ဖလားနဲ့ လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။

အောင်သူဟာ မကြာသေးခင်ကမှ ကာလကြာရှည် ဝေးကွာခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ပြန်လည် ပူးပေါင်း နိုင်ခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ တရုတ်၊ မကာအိုတို့နဲ့ ခြေစမ်းပွဲတွေမှာတော့ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တာ လို့ သိရပါတယ်။