CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၄

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က နောက်ခံလူ မက်ဂွဲယားအနေနဲ့ အသင်းမှာ ထိပ်တန်းအဆင့် ဖြစ်ကြောင်း သက်သေမပြသနိုင်ဘူးဆိုရင် ထွက်ခွာတာက ပိုပြီးကောင်းလိမ့်မယ်လို့ ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “သူဟာ ထိပ်တန်းဗဟိုခံစစ်ကစားသမားဖြစ်ဖို့အတွက် အရည်အချင်းတွေရှိပါတယ်။ သူက အင်္ဂလန်မှာ အကောင်းဆုံးဖြစ်တဲ့အတွက် ကျနော်တို့အတွက်လည်း အကောင်းဆုံးဖြစ်သင့်ပါတယ်။ ဒါပေမယ့် သူက ဒါကိုသက်သေပြရမှာပါ။ သူ့မှာ တိုက်ပွဲဝင်ဖို့အတွက် လုံလောက်တဲ့ ယုံကြည်မှုမရှိဘူးဆိုရင် သူထွက်သွား ရမှာပါ။ ပြီးတော့ သူ့အနေနဲ့ ဆုံးဖြတ်ချက်ချမှတ်ရပါမယ်။ ဒါပေမယ့် သူ့အတွက်တော့ ကျနော်ပျော်ရွှင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်ဟာ အင်္ဂလန်လက်ရွေးစင်နောက်ခံလူကို သူ့ရဲ့အစီအစဉ်မှာ အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားပေမယ့် ဝက်စ်ဟမ်းအသင်းက ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းထားတာကို လက်ခံထားတာပါ။ ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းအသင်းတို့ဟာ မက်ဂွဲယားအတွက် ပြောင်းရွှေ့ကြေး သဘောတူထားပေမယ့် ကစား သမားဘက်က အပြောင်းအရွှေ့ဖြစ်၊မဖြစ်တော့ မသေချာသေးပါဘူး။ 

မက်ဂွဲယားဟာ ဒီရာသီမှာလည်း ဗာရန်းနဲ့ လီဆန်ဒရိုမာတီးနက်ဇ်ကို ကျော်လွန်ပြီး ခံစစ်ပိုင်းမှာ နေရာရဖို့ မရှိတာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းရဲ့ နောက်ခံလူဟောင်း ဂျွန်နီအီဗန်စ်ဟာ အသင်းနဲ့လေ့ကျင့်မှုတွေပြုလုပ်နေဆဲ ဖြစ်တဲ့အတွက် မက်ဂွဲယားသာ အသင်းပြောင်းခဲ့ရင် လွယ်လွယ်ကူကူနဲ့ အစားထိုးလို့ ရမှာပါ။ ဒါ့အပြင် မက်ဂွဲယား ရဲ့ အပြောင်းအရွှေ့က ယူနိုက်တက်အသင်းအတွက် ဈေးကွက်ထဲမှာ နောက်ထပ်ကစားသမားတွေ ခေါ်ယူနိုင်ဖို့ ငွေကြေးတွေ ပိုပြီးသုံးစွဲလို့ရမှာဖြစ်တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ မေဆန်မောင့်၊အိုနာနာနဲ့ ဟော့ဂျ်လန်းတို့ကို ခေါ်ယူ ထားပြီး အီလန်ဂါနဲ့ ဖရက်ဒ်တို့ကို ရောင်းချထားခဲ့တာပါ။ မန်ချက်စတာကလပ်ဟာ အပြောင်းမရွှေ့မပိတ်ခင်မှာ မက်ဂွဲယားအပါအဝင် နောက်ထပ်ကစားသမားတွေကို ရောင်းချဖို့လုပ်ဆောင်နေပြီး ကစားသမားသစ်တွေ ထပ်ပြီးခေါ်ယူနိုင်ဖို့လည်း ပြင်ဆင်နေတာဖြစ်ပါတယ်။

Source:BBC