CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၇

တောင်ပံကစားသမား ဗီနီစီးယက်စ်ဟာ ဆဲလ်တာဗီဂိုအသင်းနဲ့ စပိန်လာလီဂါပွဲစဉ်မှာ ရရှိခဲ့တဲ့ ခြေထောက်ကြွက် သား ပြဿနာကြောင့် လာမယ့် ဂီတာဖေးအသင်းနဲ့ အိမ်ကွင်းပွဲစဉ်ကို လွဲချော်မယ်လို့ နည်းပြ အန်ဆယ်လော့တီ က ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီက “ဗီနီစီးယက်စ်ဟာ သူ့ခြေထောက်ရဲ့ ကြွက်သားတွေ နာကျင်နေသလို ခံစားနေရပါတယ်။ ဒါက အရမ်းကြီး စိုးရိမ်ရမယ့် အရာတော့ မဟုတ်ပါဘူး။ သူဟာ ဒီပွဲမှာ ဆက်ပြီးကစားဖို့ ကြိုးစားနေခဲ့ပေမယ့် သူ့ကိုယ်သူ စိတ်ပျက်စေခဲ့တာကြောင့် ကျနော်တို့က လူစားလဲဖို့ လုပ်ဆောင်ခဲ့ရတာ”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ဗီနီစီးယက်စ်ဟာ ရီးရယ်လ်အသင်းက ဆယ်လ်တာဗီဂို အသင်းကို ၁ ဂိုး- ဂိုးရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၁၅ မိနစ် မှာ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။ ဗီနီစီးယက်စ်ဟာ ဒဏ်ရာကြောင့် ဂီတာဖေးအသင်းနဲ့ လာလီဂါပွဲစဉ်အပြင် ဘရာဇီးလ်အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေဖြစ်တဲ့ ပီရူး၊ ဘိုလီဗီးယားအသင်းတို့နဲ့ ပွဲစဉ်တွေကိုလည်း လွဲချော်နိုင်ဖွယ် ရှိနေတာပါ။ 

အန်ဆယ်လော့တီကို တွေ့ရစဉ်

ရီးရယ်လ်အသင်းဟာ ရာသီအစပိုင်းမှာတင် ဂိုးသမား ကော့တွိုက်စ်နဲ့ နောက်ခံလူ မီလီတာအိုတို့ကို ဒဏ်ရာ ကြောင့် ကာလကြာရှည် ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီကတော့ ဒဏ်ရာရ ကစားသမားတွေ ရှိနေပေမယ့် အသင်းလူ စာရင်း အင်အားက တောင့်တင်းပြီးသားဖြစ်တဲ့အတွက် နောက်ထပ် ကစားသမားသစ်တွေ ခေါ်ယူသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီက “ဒါက ပြီးပြည့်စုံတဲ့ လူစာရင်းပါ။ ကျနော်တို့ဟာ ကောင်းမွန်စွာ စုစည်းထားတာကြောင့် ဗီနီစီးယက်စ်၊ ကော့တွိုက်စ်၊ မီလီတာအိုတို့ မပါဘဲ အနိုင်ယူနိုင်စွမ်း ရှိပါတယ်။ သူတို့တွေဟာ ကောင်းမွန်စွာ လုပ်နိုင်တဲ့သူတွေပါ”လို့ ပြောခဲ့တာပါ။

ရီးရယ်လ်အသင်းဟာ ရာသီသစ်လာလီဂါ အဖွင့်ပွဲစဉ် ၃ ပွဲစလုံး အနိုင်ရထားပြီး စပိန်လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေတာ ဖြစ်ပါတယ်။

Source: CNA