CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၈

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က နယူးကာဆယ်အသင်းကို အရှုံးကနေ အနိုင်ရအောင် ကစားနိုင်ခဲ့ပြီး နောက် ဒီပွဲဟာ သူ့ရဲ့နည်းပြဘဝ အကောင်းဆုံးပွဲတွေထဲက တစ်ပွဲဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ကလော့ပ်က “ကျနော့်ရဲ့ နည်းပြဘဝ အကောင်းဆုံးပွဲ တစ်ပွဲဆိုတာ သေချာပါတယ်။ နည်းပြအနေနဲ့ ကျနော့်ရဲ့ ပွဲပေါင်း ၁,၀၀၀ မှာ ဒီလိုမျိုးပွဲကို တစ်ကြိမ်မှ မကစားခဲ့ဖူးပါဘူး။ ဒီလို အခိုက်အတန့်တွေဟာ ရှားပါးပြီး အလွန် ထူးခြားပါတယ်။ ကျနော်တို့ဟာ ဒုတိယသွင်းဂိုး ထပ်ပြီးမပေးဖို့၊ အာနိုးလ်အနေနဲ့ နောက်ထပ် အဝါကတ် မရခဲ့ဘူး ဆိုရင် ကျနော်တို့မှာ အခွင့်အရေး ရှိတယ်ဆိုတဲ့ အကြောင်းကို ပထမပိုင်းအပြီးမှာ ကစားသမားတွေကို ပြောခဲ့ပါ တယ်”လို့ ပွဲအပြီး သတင်းထောက်တွေကို ပြောခဲ့တာပါ။

ဒီပွဲမှာ လီဗာပူးလ်အသင်းဟာ နယူးကာဆယ်အသင်းကို ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရသလို အသင်းခေါင်းဆောင် ဗန်ဒိုက် ကလည်း တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် မိနစ် ၇၀ နီးပါး တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် လီဗာပူးလ်အသင်းဟာ နယူးကာဆယ်အသင်းကို အကောင်းဆုံး ကစားသွားနိုင်ခဲ့ပြီး လူစားဝင်လာတဲ့ တိုက်စစ်မှူး ဒါဝင်နူနက်ဇ်က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပေးခဲ့တာကြောင့် လီဗာပူးလ်အသင်းက နယူးကာ ဆယ် အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာပါ။

လီဗာပူးလ်နဲ့ နယူးကာဆယ်အသင်း ယှဉ်ပြိုင်နေစဉ်

လီဗာပူးလ်အသင်းဟာ နယူးကာဆယ်အသင်းနဲ့ ပွဲအပါအဝင် ပရီးမီးယားလိဂ် ၂ ပွဲ ဆက်တိုက် တစ်ယောက်လျော့ နဲ့ ကစားခဲ့ရပေမယ့် နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က ဗန်ဒိုက်ကို အနီကတ် မပြသင့်ဘူးလို့လည်း ပြောခဲ့ပါတယ်။

ကလော့ပ်က “ကျနော်ကတော့ ဒါကို အနီကတ်လို့ မထင်ပါဘူး။ ပြင်းထန်တဲ့ ထိတွေ့မှုလည်း မရှိပေမယ့် ဆုံးဖြတ် ချပြီး ပြောင်းလဲလို့ မရတဲ့အတွက် ကျနော် ဘာပြောလို့ရမှာလဲ။ ဒီအတွက် ၃ ပွဲပယ် ပြစ်ဒဏ်ကျခံရမယ်ဆိုရင် တော့ စိတ်ပျက်စရာပါပဲ”လို့ ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၇ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ပွဲစဉ် ၄ အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail