CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၆ 

ယူနိုက်တက်အသင်းဟာ အခုနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်တွေ ယှဉ်ပြိုင်ဖို့အတွက် ကစားသမားစာရင်း ထုတ်ပြန်ခဲ့တာမှာ တောင်ပံကစားသမား အန်တိုနီလည်း ပါဝင်လာခဲ့ပါတယ်။

အန်တိုနီဟာ အိမ်တွင်း အကြမ်းဖက်မှု ပြုလုပ်ခဲ့တယ်ဆိုပြီး ရည်းစားဟောင်းဖြစ်သူရဲ့ စွပ်စွဲခြင်း ခံထားရတာ ကြောင့် ဘရာဇီးလ် လက်ရွေးစင်အသင်း လူစာရင်းကနေ ချန်လှပ်ခံထားရတာပါ။ 

ဒါပေမယ့် ယူနိုက်တက် အသင်းနည်းပြ အဲရစ်တန်ဟတ်ကတော့ အန်တိုနီကို ချန်ပီယံလိဂ် လူစာရင်းထဲမှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က ခေါ်ယူခဲ့တဲ့ ကစားသမားသစ်တွေ အားလုံးကို ချန်ပီယံလိဂ်ယှဉ်ပြိုင်မယ့် လူစာရင်းထဲမှာ ထည့်သွင်းခဲ့တာပါ။

ယူနိုက်တက် ကစားသမားတွေကို တွေ့ရစဉ်

အာဆင်နယ်အသင်းနဲ့ ပွဲမှာ ချန်လှပ်ခံရလို့ နည်းပြ အဲရစ်တန်ဟတ်ကို ပြန်တုံ့ပြန်ခဲ့တဲ့ တောင်ပံကစားသမား ဆန်ချိုလည်း လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် အသင်းက ထွက်ခွာဖွယ်ရှိနေတဲ့ ဗန်ဒီဘိခ်ကိုတော့ ထည့်သွင်းထားခဲ့ ခြင်း မရှိပါဘူး။ 

လူငယ်တောင်ပံကစားသမား ဂါနာချိုဟာ ယူနိုက်တက်အသင်းရဲ့ ချန်ပီယံလိဂ် လူစာရင်းထဲမှာ မပါဝင်လာခဲ့ ပေမယ့် လူငယ်ကစားသမား အချို့နဲ့အတူ B စာရင်းထဲမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

မန်ချက်စတာကလပ်ဟာ ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ် မကစားခင်အချိန်မှာ B စာရင်းထဲမှာ ပါဝင်တဲ့သူတွေကို ထုတ်ပြန်ပေးသွားမယ်လို့ ကြေညာထားတာပါ။ 

ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စု A မှာ ဘိုင်ယန်မြူးနစ်၊ ဂါလာတာစာရေး၊ ကိုပေဟေဂင်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။ 

ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းဟာ စက်တင်ဘာ ၂၀ ရက်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာပါ။

ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ် မတိုင်ခင် စက်တင်ဘာ ၁၆ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။