CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၇

ယူနိုက်တက်နဲ့ ဘရာဇီးလ်အသင်း တောင်ပံကစားသမား အန်တိုနီဟာ အိမ်တွင်း အကြမ်းဖက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့နဲ့ တွေ့ဆုံစကားပြောဖို့ အင်္ဂလန်ကို ပြန်လာမယ်လို့ သိရပါတယ်။

အန်တိုနီဟာ ရည်းစားဟောင်းဖြစ်သူ ဂါဗယ်လင် အပါအဝင် နောက်ထပ် စွပ်စွဲသူတွေရဲ့ အမှုကိစ္စတွေကို ဖြေရှင်းဖို့ ယူနိုက်တက်အသင်းဆီကနေ ရက်အကန့်အသတ်မရှိ ပျက်ကွက်ခွင့် ရရှိထားတာပါ။ 

ဒီအမှုကိစ္စတွေကို ဆော်ပေါ်လိုနဲ့ မန်ချက်စတာရှိ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

The Sun က အန်တိုနီဟာ စွပ်စွဲချက်တွေကို ငြင်းဆန်ဖို့ ဘရာဇီးလ်ကနေ အင်္ဂလန်ကို ပြန်လာမယ်လို့ ဖော်ပြထား တာပါ။

ဂါဗယ်လင်ဟာ အန်တိုနီကို သီးခြားတိုက်ခိုက်မှု ၂ ခုနဲ့ စွပ်စွဲထားပြီး နောက်ထပ် စွပ်စွဲချက်တွေကတော့ ဖရီတက်စ် နဲ့ လာနာဆိုတဲ့ အမျိုးသမီး ၂ ဦးဆီကနေ ထပ်ပြီးထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ 

အန်တိုနီကို တွေ့ရစဉ်

အန်တိုနီကတော့ သူဟာ အပြစ်လုပ်ခဲ့ခြင်း မရှိသလို အမှုကိစ္စတွေမှာ ပါဝင်ပတ်သက်နေတဲ့ အမျိုးသမီးတွေနဲ့ တွေ့ဆုံမှုတွေဟာ သဘောတူညီမှုတွေကြောင့် ဖြစ်တယ်လို့ ပြောထားတာပါ။

ယူနိုက်တက်အသင်း တောင်ပံကစားသမား ဖြစ်သူဟာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်း လုပ်ဆောင်ချင်နေပြီး လိုအပ်မယ် ဆိုရင် သူ့ရဲ့ ဖုန်းကို ရဲတပ်ဖွဲ့ထံ ပေးဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

အန်တိုနီဟာ ဘရာဇီးလ် TV တစ်ခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူဟာ ဘာအပြစ်ကိုမှ ပြုလုပ်ခဲ့ခြင်း မရှိဘူးလို့ အခိုင်အမာ ပြောထားပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်နေချိန်မှာ ဗြိတိန်ရှိ ရဲတပ်ဖွဲ့တွေနဲ့ တွေ့ဆုံသွား မှာပါ။

၂၀၂၂ ခုနှစ်က အေဂျတ်စ်ကနေ ရောက်ရှိလာခဲ့တဲ့ အန်တိုနီဟာ ယူနိုက်တက် အသင်းအတွက် ၄၈ ပွဲ ပါဝင် ကစားထားပြီး ၈ ဂိုး သွင်းယူထားသလို ဘရာဇီးလ်အသင်းအတွက် ၁၆ ပွဲ ကစားထားပြီး ၂ ဂိုး သွင်းယူထားပါ တယ်။

Source: Goal