CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇

မေဂျာလိဂ်ကလပ် ပေါ့တ်လန်းတင်ဘာစ်အသင်းဟာ ယူနိုက်တက်နဲ့ အဲဗာတန်ကစားသမားဟောင်း ဖီးလ်နဗီးလ်ကို နည်းပြသစ်အဖြစ် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုကာ ခန့်အပ်လိုက်ပါတယ်။

အသက် ၄၆ နှစ်အရွယ်ရှိနည်းပြဟာ ပြီးခဲ့တဲ့ဇွန်လကမှ အင်တာမိုင်ယာမီအသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီးနောက် နောက်ထပ်မေဂျာလိဂ်ကလပ်အသင်းကို ကိုင်တွယ်တော့မှာပါ။ ပေါ့တ်လန်းတင်ဘာစ် အသင်းပရိသတ်အစုအဖွဲ့ကတော့ ဖီးလ်နဗီးလ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ချိတ်ဆက်မှုတွေပြုလုပ်တဲ့အပေါ် အလွန်စိတ်ပျက်မိတယ်လို့ ပြောခဲ့ပေမယ့် အသင်းကတော့ အင်္ဂလန်ကစားသမားဟောင်းကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

ဖီးလ်နဗီးလ်က “ဒီအသင်းနဲ့အတူ ရှေ့ဆက်သွားရမယ့်စိန်ခေါ်မှုတွေအတွက် ကျနော်အလွန်စိတ်လှုပ်ရှား နေပါတယ်။ အသင်းကလူတွေနဲ့ စတွေ့တဲ့အချိန်မှာကတည်းက ဒါဟာ ကျနော့်အတွက် မှန်ကန်တဲ့အခွင့်အရေး၊ မှန်ကန်တဲ့အသင်း၊ မှန်ကန်တဲ့မြို့ဆိုပြီးသိခဲ့ပါတယ်။ ဒီခရီးစဉ်က ကျနော့်အတွက် ထူးခြားမှုဖြစ်လာမယ်ဆိုတာ ထင်ပါတယ်” လို့ ပြောခဲ့တာပါ။

ဖီးလ်နဗီးလ်ဟာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကို မကိုင်တွယ်ခင်အချိန်က အင်္ဂလန်အမျိုးသမီး အသင်းကို ၂၀၁၈ ကနေ ၂၀၂၁ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပါတယ်။ ဖီးလ်နဗီးလ်ဟာ အင်တာမိုင်ယာမီအသင်းကို နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ၁၃ ပွဲမှာ ၁၀ ပွဲအထိရှုံးနိမ့်ခဲ့တာကြောင့် အသင်းက ထုတ်ပယ်ခြင်းခံခဲ့ရတာပါ။ ပေါ့တ်လန်းတင်ဘာစ်အသင်းကတော့ ဖီးလ်နဗီးလ်ရဲ့ စရိုက်လက္ခဏာဟာ အသင်းကို အောင်မြင်အောင် ဦးဆောင်ဖို့ မှန်ကန်တဲ့လူလို့ ပြောထားခဲ့ပါတယ်။

ပေါ့တ်လန်းတင်ဘာစ်ဟာ ပြီးခဲ့တဲ့ရာသီက မေဂျာလိဂ်အနောက်ပိုင်းဇုန်မှာ ပလေးအောဖ့်ဝင်ခွင့်ဆုံးရှုံးခဲ့တာ ကြောင့် ရာသီသစ်မတိုင်ခင် အသင်းကို ပြင်ဆင်မှုတွေပြုလုပ်ဖို့ ဖီးလ်နဗီးလ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

Source:BBC