CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇

အင်္ဂလန်အသင်းဟာ နွေရာသီမှာကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲအတွက်ပြင်ဆင်မှုအဖြစ် ဘရာဇီးလ်၊ ဘယ်လ်ဂျီယံ အသင်းတို့နဲ့ မတ်လမှာ ခြေစမ်းပွဲကစားသွားမှာဖြစ်ပါတယ်။ 

အင်္ဂလန်အသင်းဟာ အောက်တိုဘာလက ကစားခဲ့တဲ့ခြေစစ်ပွဲမှာ အီတလီအသင်းကို အနိုင်ရပြီးနောက် ယူရို ၂၀၂၄ ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့တာပါ။ အဲဒါကြောင့် အင်္ဂလန်အသင်းဟာ ဒီပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့အတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်ထိပ်ဆုံး ၅ သင်းထဲက ၂ သင်းနဲ့ ဝင်ဘာလေကွင်းမှာ ခြေစမ်းပွဲကစားဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က “ယူရိုပြိုင်ပွဲမတိုင်ခင်မှာ အင်အားကြီး ၂ သင်းနဲ့ ယှဉ်ပြိုင်ခွင့်ရမှာဖြစ်လို့ ကျနော်ပျော်ရွှင်ပါတယ်။ ကျနော်တို့ဟာ ထိပ်တန်းပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် အခွင့်အရေးတိုင်း ကို ရအောင်ယူဖို့ အရေးကြီးပါတယ်”လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ အင်္ဂလန်အသင်းဟာ မတ်လ ၂၃ ရက်မှာ ဘရာဇီးလ်၊ ၂၆ ရက်မှာ ဘယ်လ်ဂျီယံအသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်မှာပါ။ အင်္ဂလန်နဲ့ ဘရာဇီးလ်အသင်းတို့ဟာ ဝင်ဘာလေကွင်းမှာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက နောက်ဆုံးကစားခဲ့တာမှာ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ပြီး အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံ အသင်း တို့ကတော့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာက နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့တာမှာ အင်္ဂလန်အသင်းက ၂ ဂိုး- ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ ၆ ပွဲကစားအပြီးမှာ ၅ ပွဲနိုင်၊ ၁ ပွဲ သရေရလဒ်ထွက်ပေါ်ထားကာ နိုဝင်ဘာလထဲမှာ လက်ကျန် ၂ ပွဲကစားရမှာပါ။ ဒီပွဲတွေကတော့ နိုဝင်ဘာ ၁၇ ရက်မှာ မော်လ်တာနဲ့ အိမ်ကွင်း၊ ၂၀ ရက်မှာ မြောက်မက်ဆီဒိုးနီးယားအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ဒီပွဲ တွေပြီးရင်တော့ မတ်လရောက်မှသာ ယူရိုခြေစစ်ပွဲအတွက်ပြင်ဆင်ဖို့ ခြေစမ်းပွဲကစားသွားမှာပါ။

ယူရို ၂၀၂၄ ပြိုင်ပွဲကို ဂျာမနီနိုင်ငံမှာ ဇွန်လ ၁၄ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ အသင်းပေါင်း ၂၄ သင်းနဲ့ ကျင်းပ သွားမှာဖြစ်ပါတယ်။