CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၁

ဘိုင်ယန်မြူးနစ်အသင်းဟာ ယူနိုက်တက်အသင်းမှာ မပျော်မရွှင် ဖြစ်နေတဲ့ နောက်ခံလူ ဗာရန်းကို ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဂျာမနီသတင်းတွေမှာ ဖော်ပြထားပါတယ်။

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ ပြီးခဲ့တဲ့ပွဲတွေမှာ ဗဟိုနောက်ခံ အတွဲအဖက်အဖြစ် မက်ဂွဲယားနဲ့ အီဗန်စ်တို့ကို ဦးစားပေးအဖြစ် ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့ပြီး ဗာရန်းဟာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံ နေရတာပါ။ 

နိုင်ငံတကာပွဲစဉ် မတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ လူတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နောက်ခံလူ အီဗန်စ် ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာလည်း နည်းပြ အဲရစ်တန်ဟတ်ဟာ ဗာရန်းကို အသုံးမပြုဘဲ လင်ဒီလော့ဖ်နဲ့ မက်ဂွဲယား အတွဲအဖက်ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

Sky Sport ကတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဗာရန်းရဲ့ အပြောင်းအရွှေ့ကို ဆွေးနွေးမှု ပြုလုပ်နိုင်ဖို့အတွက် လက်ရှိ အခြေအနေကို စောင့်ကြည့်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဗာရန်းကို တွေ့ရစဉ်

ယူနိုက်တက်အသင်း အနေနဲ့ ဗာရန်းကို ရောင်းချခဲ့မယ်ဆိုရင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀ နဲ့ ၃၀ ကြား ရရှိနိုင် တယ်လို့ သိရပါတယ်။ 

ဗာရန်းဟာ ယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ်ခပေါင် ၃၅၀,၀၀၀ ရရှိနေတာကြောင့် လုပ်ခလစာက အပြောင်းအရွှေ့အတွက် အတားအဆီး ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

၂၀၂၁ ခုနှစ်က ရီးရယ်လ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဗာရန်းဟာ လီဆန်ဒရို မာတီးနက်ဇ်နဲ့ အတူ ဗဟိုခံစစ်မှာ အတွဲညီခဲ့ပေမယ့် အာဂျင်တီးနားကစားသမား ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဒီရာသီမှာတော့ နောက်ဆုံးပွဲ ၈ ပွဲမှာ ၁ ပွဲသာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။ 
ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ကတော့ မက်ဂွဲယားရဲ့ ပုံစံကောင်း ရရှိနေမှုနဲ့အတူ နည်းစနစ်ပိုင်းဆိုင်ရာ အကြောင်းပြချက်ကြောင့်သာ ဗာရန်းကို ပွဲထွက်လူစာရင်းမှာ အသုံးမပြုတာလို့ ရှင်းပြထားတာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ သူတို့ရဲ့ ခံစစ်ကစားသမားတွေ ဒဏ်ရာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ရီးရယ်လ် အသင်းနဲ့ ချန်ပီယံလိဂ်ဖလား အများအပြား ရယူနိုင်ခဲ့တဲ့ ဗာရန်းကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကလည်း ခံစစ်ကစားသမားတွေရဲ့ ဒဏ်ရာကြောင့် ဗာရန်းကို ဇန်နဝါရီလ အပြောင်းအရွှေ့မှာ လက်လွှတ်ဖွယ်မရှိဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။

Source: Metro