CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၁၆

အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတဲ့ ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က အသင်းက သူ့ကိုလိုအပ်တဲ့အထိ ဆက်ရှိမယ်လို့ နယူးကာဆယ်အသင်းကို အနိုင်ရတဲ့ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်က “ကလပ်က ကျနော့်ကို လိုအပ်တယ်လို့ ပြောတဲ့အထိ ဒီမှာဆက်ရှိနေမှာပါ။ ကလပ်က ကျနော့်ကို အနာဂတ်ရဲ့ အစိတ်အပိုင်း ဖြစ်စေချင်တယ်လို့ ခံစားရပါတယ်။ ကျနော်အမြဲတမ်း ပြောခဲ့သလိုပဲ ကလပ်အသင်းက အလိုမရှိတဲ့ ကစားသမားမျိုး မဖြစ်ချင်ပါဘူး။ အကြောင်းပြချက် တစ်ခုကြောင့် ကလပ်က ကျနော့်ကို အလိုမရှိတော့ဘူးဆိုရင် ထွက်သွားမှာပါ။ ဒါပေမယ့် သူတို့လိုချင်တယ်ဆိုရင်တော့ ကျနော်ဆက် ရှိမှာပါ”လို့ Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်းမှာ အသင်းရဲ့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ် ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ယူနိုက်တက်အသင်းရဲ့ ပူးတွဲပိုင်ရှင်ဖြစ်လာတဲ့ ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS ဟာ အသင်းကို ပြန်လည် တည်ဆောက်မှုတွေ စတင်ဖို့ ဘရူနိုဖာနန်ဒက်စ်ကို သူနဲ့ ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးရရင် ရောင်းချသွားဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ 

ဒီအချိန်မှာ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နဲ့ အင်တာမီလန်အသင်းတို့က ချိတ်ဆက်မှုတွေ ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ကိုတွေ့ရစဉ်

ဒါအပြင် ယူနိုက်တက် အသင်းဖော်ဟောင်း ရော်နယ်ဒို ကစားနေတဲ့ အယ်လ်နာဆာအသင်းကလည်း ပေါ်တူဂီ ကွင်းလယ်လူကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ 

ဒီလိုသတင်းတွေ ထွက်ပေါ်နေပေမယ့် ဘရူနိုဖာနန်ဒက်စ်က သူဟာ ယူနိုက်တက်အသင်းမှာ ဆက်ရှိချင်တယ်လို့ ပြောခဲ့ပြီး ကလပ်အသင်းဘက်က အလိုမရှိတော့ဘူးဆိုရင်တော့ ထွက်ခွာမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်နဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ သက်တမ်း ရှိနေတာပါ။

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ကလည်း အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို ဆက်ပြီးရှိစေချင်တယ်လို့ ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော် သိသလောက်ဆိုရင် ဘရူနိုဟာ ယူနိုက်တက်အသင်းကို ချစ်တဲ့သူပါ။ သူဟာ ပရိသတ်တွေကို ချစ်သလို ဒီမှာကစားရတာကိုလည်း နှစ်သက်ပါတယ်။ သူဟာ အမြဲတမ်း အကောင်းဆုံး အရာတွေကိုပဲ ပေးနေတာဖြစ်ပြီး ကလပ်အသင်းက သူ့ကို ဆက်ပြီးရှိစေချင်တယ်”လို့ ပြောခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ဒဏ်ရာကြောင့် ပဲလေ့စ်၊ အာဆင်နယ်အသင်းတို့နဲ့ ပွဲတွေမှာ ယူနိုက်တက်အသင်းအတွက် မပါဝင်နိုင်ခဲ့ပေမယ့် နယူးကာဆယ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲပွဲမှာ အသင်းအတွက် ပြန်လည် ကစားပေး နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

Source: DailyMail