CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂

အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်က ၂၀၂၄ ခုနှစ်မှာ ရီးရယ်လ်အသင်းနဲ့ ဆုဖလား အများအပြား ရယူချင်ပြီး သွင်းဂိုးတွေလည်း အများကြီး သွင်းယူချင်တယ်လို့ ပြောလိုက်ပါတယ်။

ဘယ်လင်ဂမ်က “၂၀၂၄ ခုနှစ်အတွက် ကျနော်တောင်းဆိုချင်တာက ဆုဖလား အများကြီးရယူဖို့၊ သွင်းဂိုးတွေနဲ့ အသင်းအနိုင်ရအောင် ကူညီပေးဖို့ ဖြစ်ပါတယ်။ ရီးရယ်လ်ကစားသမား ဖြစ်ရတာကို ကျနော် အလွန်ပျော်ရွှင် ပါတယ်။ ရီးရယ်လ်မှာ အလုပ်လုပ်ဖို့ အတွက်ဆိုရင် အရည်အသွေးတွေနဲ့ စိတ်ဓါတ်ပိုင်းဟာ အဆင့်တစ်ခု ရှိနေရမှာဖြစ်ပြီး ဒီလိုမျိုး တာဝန်ယူရတာက ကျနော့်အတွက် ကြီးမားတဲ့ အခွင့်ထူးတစ်ခုလို ခံစားရပါတယ်။ ရီးရယ်လ်ကို ရောက်ရှိလာတဲ့အချိန်မှာ ကျနော့်အတွက် ရည်မှန်းချက်က အရာအားလုံးကို အနိုင်ယူဖို့ပါ”လို့ ပြောပါ တယ်။

ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က ပေါင် ၈၉ သန်းနဲ့ ဒေါ့မွန်အသင်းကနေ ရောက်ရှိလာပြီး ကတည်းက ရီးရယ်လ်အသင်းမှာ ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။ 

ဘယ်လင်ဂမ်ဟာ ရီးရယ်လ်အသင်းအတွက် ၂၁ ပွဲ ကစားထားအပြီး ၁၇ ဂိုးအထိ သွင်းယူထားကာ ဒီရာသီ အသင်း ရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပါတယ်။

အင်္ဂလန်ကစားသမား ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထဲမှာ Golden Boy ဆုနဲ့ Kopa Trophy တို့ကိုလည်း ရယူနိုင်ခဲ့ပါတယ်။

ဘယ်လင်ဂမ်ကို တွေ့ရစဉ်

ဘယ်လင်ဂမ်ဟာ ရီးရယ်လ်အသင်းမှာ ဂန္ထဝင်ကစားသမားကြီး ဇီဒန်းရဲ့ ကျောနံပါတ် ၅ အမွေအနှစ်ကို ဝတ်ဆင် နေတာဖြစ်ပြီး ဒီလိုဝတ်ဆင်ရတဲ့အတွက်လည်း ဂုဏ်ယူမိတယ်လို့ ပြောထားတာပါ။

အသက် ၂၀ နှစ်အရွယ်ရှိ ဘယ်လင်ဂမ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းနဲ့ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် လာလီဂါပြိုင်ပွဲရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ၂ ကြိမ်ရရှိထားပြီး အနာဂတ် ဘောလွန်းဒီအော ဆုရှင်အဖြစ်လည်း သတ်မှတ်ခြင်း ခံထားရတာ ဖြစ်ပါတယ်။

ဒီရာသီ လာလီဂါပြိုင်ပွဲရဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ရီးရယ်လ်အသင်းဟာ ဇန်နဝါရီ ၄ ရက်မနက်ပိုင်းမှာ လိဂ်ပွဲစဉ်အဖြစ် မာယော့ကာအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ 

ဘယ်လင်ဂမ်ဟာ ပခုံးဒဏ်ရာပြဿနာ ခံစားနေရပေမယ့် ဒီပွဲမှာ ရီးရယ်လ်အသင်းအတွက် ပါဝင်ကစားပေး နိုင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။

Source: Goal