CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၉

အာဆင်နယ်အသင်းဟာ အဲဗာတန်အသင်းကွင်းလယ်လူ အိုနာနာကို အခုအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ဆွေးနွေး မှုတွေ စတင်ပြုလုပ်နေတယ်လို့ ဘယ်လ်ဂျီယံသတင်းတွေမှာ ဖော်ပြထားပါတယ်။

စပိန်လူမျိုးနည်းပြ အာတီတာဟာ အခုအပြောင်းအရွှေ့ မကုန်ခင်မှာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်နိုင်ဖို့ လုပ်ဆောင်နေပြီး အက်စတွန်ဗီလာအသင်း ကွင်းလယ်လူ ဒေါက်ကလပ်စ်လူးဝစ်ဇ်ကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာပါ။

ဒါပေမယ့် အက်စတွန်ဗီလာအသင်းဟာ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေပြီး ပုံစံကောင်းတွေ ပြသနေတဲ့ ဒေါက်ကလပ်စ်လူးဝစ်ဇ်အတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေး တောင်းဆိုဖို့ရှိနေတာ ဖြစ်ပါတယ်။ 

အဲ့ဒါကြောင့် အာဆင်နယ်အသင်းဟာ အဲဗာတန်အသင်းကွင်းလယ်လူ အိုနာနာကို ခေါ်ယူဖို့ ကြိုးစားလာခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ဘယ်လ်ဂျီယံကစားသမားရဲ့ အပြောင်းအရွှေ့အတွက် အဲဗာတန်အသင်းနဲ့ ဆွေးနွေးမှု ပြုလုပ်နေပြီး အိုနာနာကလည်း လန်ဒန်ကလပ်ထံ ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။ 

အဲ့ဒါကြောင့် အာဆင်နယ်နဲ့ အဲဗာတန်အသင်းတို့ဟာ အပြောင်းအရွှေ့ အမြန်ဆုံးဖြစ်ဖို့ သဘောတူညီမှု ရရှိနိုင် တာပါ။ 

အိုနာနာကို တွေ့ရစဉ်

အဲဗာတန်အသင်းဟာ အိုနာနာအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ သတ်မှတ်ထားပြီး ယူနိုက်တက်အသင်း ကလည်း ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။

အိုနာနာဟာ ၂၀၂၂ ခုနှစ်၊ သြဂုတ်လက လိုင်လီအသင်းကနေ ပေါင် ၃၃ သန်းနဲ့ အဲဗာတန်အသင်းထံ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပြီး ပွဲပေါင်း ၅၃ ပွဲပါဝင်ကစားထားကာ ၃ ဂိုးသွင်းယူထားတာပါ။

အာဆင်နယ်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ FA ဖလားပွဲစဉ်မှာ အရေးနိမ့်ပြီးနောက် တိုက်စစ်မှူးခေါ်ယူဖို့ ဖိအားပေးခြင်းခံနေရတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် အာဆင်နယ်အသင်းဟာ အခုအပြောင်းအရွှေ့မှာ တိုက်စစ်မှူးခေါ်ယူဖို့ လက်တွေ့မကျဘူးလို့ နည်းပြ အာတီတာက ပြောထားတာပါ။

အာဆင်နယ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲကစားဖို့ မရှိဘဲ ဒူဘိုင်းကို သွားရောက်ပြီး စခန်းသွင်း လေ့ကျင့်မှု ပြုလုပ်နေတဲ့အချိန်မှာ အဲဗာတန်အသင်း ကွင်းလယ်လူ အိုနာနာရဲ့ အပြောင်းအရွှေ့ကို အပြီးသတ် လုပ်ဆောင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ 

Source: Metro