CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၅

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို နယူးယော့ခ်/နယူးဂျာစီမှာရှိတဲ့ MetLife အားကစားကွင်းမှာ ကျင်းပ သွားမယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ဖေဖော်ဝါရီ ၄ ရက်က ကြေညာလိုက်ပါတယ်။

အသင်းအရေအတွက် ၄၈ သင်းနဲ့ တိုးချဲ့ပြီး ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။

နယူးယော့ခ်ဟာ ဗိုလ်လုပွဲကို အိမ်ရှင်အဖြစ် ကျင်းပနိုင်ဖို့အတွက် ဒါလက်စ်နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ 

ဒီပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်ကို မက္ကဆီကိုနိုင်ငံရဲ့ အထင်ကရ Azteca အားကစားကွင်းမှာ ကျင်းပသွားမှာပါ။ 

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမယ့် ဘောလုံးကွင်းကို တွေ့ရစဉ်

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက “အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့မှာရှိတဲ့ အားကစားကွင်း ၁၆ ကွင်းမှာ ပွဲပေါင်း ၁၀၄ ပွဲ ကျင်းပသွားမယ့် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲဟာ အိပ်မက်မဟုတ်တော့ဘဲ လက်တွေ့ ဖြစ်လာတော့ မှာပါ။ ဖွင့်ပွဲကနေ ဗိုလ်လုပွဲအထိ ကစားသမားတွေနဲ့ ပရိသတ်တွေဟာ ပွဲကျင်းပတဲ့ ပုံစံပြောင်းလဲခြင်းတွေအတွက် ကျနော်တို့ရဲ့ အစီအစဉ်ရေးဆွဲမှုမှာ အဓိကအနေနဲ့ ရှိနေပါတယ်။ ဒီပြိုင်ပွဲမှာ စံချိန်သစ်တွေတင် မဟုတ်ဘဲ ဖျောက်ဖျက်လို့မရတဲ့ အမွေအနှစ်တွေလည်း ချန်ထားခဲ့နိုင်မှာပါ”လို့ ပြောခဲ့တာပါ။

အတ္တလန္တာနဲ့ ဒါလက်စ်မြို့တွေဟာ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို လက်ခံကျင်းပရမှာဖြစ်ပြီး တတိယနေရာလုပွဲကို မိုင်ယာမီမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

ကွာတားဖိုင်နယ် ပွဲစဉ်တွေကို လော့စ်အိန်ဂျလိစ်၊ ကန်ဆက်၊ မိုင်ယာမီနဲ့ ဘော်စတွန်မြို့ရှိ အားကစားကွင်းတွေမှာ ကျင်းပသွားမယ်လို့ ဖီဖာက ကြေညာခဲ့တာပါ။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁ အုပ်စု အသင်း ၄ သင်းနဲ့ ၁၂ အုပ်စု ကျင်းပသွားမှာဖြစ်ပြီး အုပ်စုထိပ်ဆုံး ၂ သင်းစီနဲ့ အကောင်းဆုံး အုပ်စုတတိယ ၈ သင်းဟာ နောက်တစ်ဆင့်ကို တက်နိုင်မယ်လို့ သိရပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန် ၁၁ ရက်ကနေ ဇူလိုင် ၁၉ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: CNA