CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၅

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာ ရရှိသွားခဲ့တဲ့ နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ရဲ့ ဒဏ်ရာကို စိုးရိမ်တယ်လို့ ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “လီဆန်ဒရိုကိုကြည့်ရတာ အဆင်မပြေပါဘူး။ ဒဏ်ရာ အခြေအနေက စိုးရိမ်ရပေမယ့် အတိအကျကို သိရဖို့အတွက် ရက်အနည်းငယ် စောင့်ဆိုင်းရဦးမှာပါ။ သူဟာ အလွန်ဝမ်းနည်းနေပြီး စိတ်လည်း အလွန်ပျက်နေပါတယ်။ ကျနော်တို့ အားလုံးသူနဲ့အတူ ခံစားနေရပါတယ်။ သူဟာ ကျနော်တို့ကို အများကြီး ယူဆောင်ပေးလာတဲ့သူဖြစ်လို့ သူ့ရဲ့ဒဏ်ရာက အသင်းအတွက် ဆိုးရွားပါတယ်”လို့ ပြောခဲ့တာပါ။

အသက် ၂၆ နှစ်အရွယ်ရှိ လီဆန်ဒရိုမာတီနက်ဇ်ဟာ ဝက်စ်ဟမ်းအသင်း နောက်ခံလူ ကူဖယ်လ်ရဲ့ ဘောလုံးကို ကာကွယ်ဖို့ ကြိုးစားခဲ့ပြီးနောက် ဒဏ်ရာရရှိသွားခဲ့တာပါ။

အာဂျင်တီးနား ကစားသမားဟာ ဆက်ကစားဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် ဗာရန်းနဲ့ လူစားလဲခဲ့ ရတာ ဖြစ်ပါတယ်။ 

လီဆန်ဒရိုမာတီနက်ဇ်ဟာ ခြေထောက်ဒဏ်ရာကြောင့် ၃ လကြာ အနားယူခဲ့ရပြီးနောက် အသင်းအတွက် ပွဲအနည်းငယ်သာ ပါဝင်ကစားပေးအပြီးမှာ နောက်ထပ် ဒဏ်ရာကြုံတွေ့ခဲ့ရတာပါ။

ယူနိုက်တက်အသင်း ကစားသမားတွေကို တွေ့ရစဉ်

လီဆန်ဒရိုမာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်က စပါးအသင်းနဲ့ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ပြန်လည် ပါဝင်မကစားခင် အသင်းရဲ့ ပွဲပေါင်း ၂၂ ပွဲကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ အာဂျင်တီးနားအသင်း နောက်ခံလူ ပြန်လာတာနဲ့အတူ ရလဒ်ကောင်းတွေ ဆက်တိုက် ရရှိနေပြီး နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃ ပွဲဆက်တိုက်နိုင်ပွဲရယူနိုင်ခဲ့တာပါ။ 

၂၀၂၂ ခုနှစ်က အေဂျက်ဇ်အသင်းကနေ ပြောင်းရွှေ့လာတဲ့ လီဆန်ဒရိုမာတီနက်ဇ်ဟာ ယူနိုက်တက်အသင်းအတွက် ၅၅ ပွဲ ပါဝင်ကစားထားပြီး ၁ ဂိုး သွင်းယူထားပါတယ်။

ယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်အဆင့် ၆ နေရာအထိ တက်နိုင်ခဲ့ပြီး အဆင့် ၄ နေရာက အက်စတွန်ဗီလာအသင်းနဲ့ ၈ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။

Source: BBC