CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၇

မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ ဧရာဝတီယူနိုက်တက်အသင်း ခေါင်းဆောင်ဟောင်း အောင်နိုင်ဝင်းကို ခေါ်ယူနိုင်ခဲ့ပြီလို့ ဖေဖော်ဝါရီ ၇ ရက်က တရားဝင် ကြေညာခဲ့ပါတယ်။

ကွင်းလယ်ကစားသမား အောင်နိုင်ဝင်းဟာ မကြာသေးခင်ကမှ ဧရာဝတီယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီး နောက် ထွက်ခွာလာခဲ့တာပါ။ 

အဲဒါကြောင့် ချန်ပီယံဆုကို ဆက်ပြီး ထိန်းသိမ်းနိုင်ဖို့ ပြင်ဆင်နေတဲ့ ရှမ်းယူနိုက်တက်အသင်းဟာ အောင်နိုင်ဝင်းကို ခေါ်ယူခဲ့တာဖြစ်ပြီး ချုပ်ဆိုခဲ့တဲ့ စာချုပ်သက်တမ်းကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ 

မြန်မာ့လက်ရွေးစင် ကွင်းလယ်လူ အောင်နိုင်ဝင်းဟာ ဧရာဝတီယူနိုက်တက် အသင်းအပြင် မြန်မာနေရှင်နယ်လိဂ် ကလပ် ရတနာပုံအသင်းမှာလည်း ကစားခဲ့ပါတယ်။

 မြန်မာအသင်းကိုယ်စားပြု ကစားနေတဲ့ အောင်နိုင်ဝင်းကို တွေ့ရစဉ်

အောင်နိုင်ဝင်းက ရှမ်းယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တာဟာ မိမိကိုယ်ကို စိန်ခေါ်ခဲ့တာဖြစ်ပြီး ပွဲကစားခွင့်ရနိုင် ဖို့ အကောင်းဆုံး ကြိုးစားသွားမယ်လို့ ရှမ်းယူနိုက်တက်အသင်းပိုင် မီဒီယာကို ပြောခဲ့ပါတယ်။

အောင်နိုင်ဝင်းက "ကျနော့်ကို ကျနော် စိန်ခေါ်လိုက်တာပါ။ ရှမ်းအသင်းဆိုတာ ကျနော်တို့ မရောက်ခင်ကတည်းက ရှုံးပွဲမရှိ အနေအထားနဲ့ချန်ပီယံ ဖြစ်ထားတာပါ။ ပြည်တွင်းမှာ တန်းဆုံးသွားပါပြီ။ ဒီထပ်ကောင်းစရာ မရှိတော့ပါ ဘူး။ ရှေ့က ညီအစ်ကိုတွေ၊ စီနီယာတွေ လုပ်ထားတဲ့မှတ်တမ်းကို ကျနော်တို့က ဆက်ထိန်းသိမ်းဖို့ပဲ ကြိုးစားရမှာ။ အဲ့လို လုပ်နိုင်မယ်ထင်လို့လည်း အသင်းပြောင်းလာတာပါ။ ပြီးတော့ ကစားခွင့် ရဖို့ဆိုတာလည်း အများကြီး လုပ်ရ မှာပါ။ အလယ်တန်းမှာ လူကောင်းတွေချည်းပဲ။ ကစားကွက်နဲ့ အံဝင်တဲ့သူ ကစားခွင့်ရမယ်လို့ ထင်ပါတယ်။ အကောင်းဆုံး ကြိုးစားမှာပါ"လို့ ပြောခဲ့တာပါ။

ရှမ်းယူနိုက်တက်အသင်းဟာ ဒီရာသီမှာ နည်းပြချုပ်အဖြစ် ဦးမျိုးလှိုင်ဝင်းကို ခန့်အပ်ထားပြီး ကစားသမားသစ်တွေ အဖြစ် အောင်နိုင်ဝင်း အပါအဝင် ခွန်ကျော်ဇင်ဟိန်း၊ သက်ဟိန်းစိုး၊ အောင်မင်းစိုး၊ သက်ဝေမိုး၊ ကောင်းမြတ်သူနဲ့ စအောင်ပြည့်ကို တို့ကို ခေါ်ယူထားပါတယ်။ 

ဒါအပြင် နောက်ထပ် ကစားသမားသစ်တွေ အားဖြည့်သွားမယ်လို့ ရှမ်းယူနိုက်တက်အသင်းက ပြောထားတာ ဖြစ်ပါတယ်။