CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က နွေရာသီမှာကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်မယ်လို့ ဖေဖော်ဝါရီ ၈ ရက်က ပြောလိုက်ပါတယ်။

ဆောက်ဂိတ်က “နွေရာသီမှာ ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရမှာပါ၊ ဒါက ရိုးရှင်းပါတယ်။ နွေရာသီမှာ ကျနော်တို့ ဘာတွေအောင်မြင်နိုင်မလဲဆိုတာ ကျနော်သိပြီး၊ အောင်မြင်မှုအတွက် ကျနော့်ရဲ့ စံသတ်မှတ်ချက်က  ဘာလဲ ဆိုတာသိပါတယ်။ အဲဒီနောက်မှာ ကျနော်ဘာမှမစဉ်းစားတော့ပါဘူး။ ကျနော်တို့က စွမ်းဆောင်ရည်ကို ပြသရမှာ ဖြစ်ပြီး လူတိုင်းအတွက်အကောင်းဆုံး ဆုံးဖြတ်ချက်တွေချရပါမယ်။ ပြိုင်ပွဲမစခင် ဆုံးဖြတ်ချက် ချရမယ့် အနေအထားမရှိပါဘူး” လို့ UEFA နေးရှင်းလိဂ် မဲခွဲအပြီးမှာ ပြောခဲ့တာပါ။

၂၀၁၆ ခုနှစ်ကတည်းက အင်္ဂလန်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ဆောက်ဂိတ်နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုနှစ် ဒီဇင်ဘာလအထိ သက်တမ်းရှိနေတာဖြစ်ပါတယ်။ ဆောက်ဂိတ်ဟာ သူ့ရဲ့ လက်ထက်မှာ အင်္ဂလန်အသင်းကို ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်လုပွဲနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တာပါ။ ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ အင်္ဂလန်အသင်းက ပြင်သစ်အသင်းကို အရေးနိမ့်ပြီးနောက် အင်္ဂလန်နည်းပြရာထူးကနေ နုတ်ထွက်ဖို့ စဉ်းစား ခဲ့သေးပါတယ်။

ဒါပေမယ့် ဆောက်ဂိတ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းကို ဆက်ပြီးကိုင်တွယ်ဖို့ ရှိနေခဲ့တာပါ။ အင်္ဂလန် အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ အုပ်စု C မှာ ဆလိုဗေးနီးယား၊ ဒိန်းမတ်၊ ဆားဘီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ အင်္ဂလန်အသင်းဟာ UEFA နေးရှင်း လိဂ်ပြိုင်ပွဲ မဲခွဲမှုမှာတော့ အိုင်ယာလန်၊ဖင်လန်၊ဂရိတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ UEFA နေးရှင်းလိဂ်ပြိုင်ပွဲမှာ လိဂ် A ကနေ တန်းဆင်းခဲ့ရလို့ အခုတစ်ကြိမ်ပြိုင်ပွဲမှာ လိဂ် B ကနေ ပထမဆုံးအကြိမ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:ESPN