CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၇

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲယှဉ်ပြိုင်ဖို့အတွက် အပြီးသတ်ကစားသမား ၂၆ ဦး စာရင်းထုတ်ပြန်ခဲ့တာမှာ မက်ဒီဆင်အပြင် မက်ဂွဲယားနဲ့ ဂရီလစ်ရှ်တို့ကိုပါ ချန်လှပ်ခဲ့ပါတယ်။

ယူရိုပြိုင်ပွဲအတွက် ပဏာမကစားသမား ၃၃ ဦးနဲ့ စခန်းသွင်းလေ့ကျင့်နေတဲ့ အင်္ဂလန်အသင်းဟာ အပြီးသတ် လူစာရင်းမှာ ဒီကစားသမား ၃ ဦးအပြင် လီဗာပူးလ်အသင်းက ကာတစ်ဂျုံးစ်နဲ့ ကွင်ဆက်၊အဲဗာတန်အသင်းက ဘရန်ဝိတ်နဲ့ ဘန်လေအသင်းက ဂိုးသမား ဂျိမ်းစ်ထရက်ဖိုဒ့်တို့ကိုလည်း ချန်လှပ်ခဲ့တာပါ။ 

ယူနိုက်တက်အသင်း နောက်ခံလူ မက်ဂွဲယားဟာ ခြေသလုံးကြွက်သားဒဏ်ရာကနေ သက်သာခြင်းမရှိတဲ့အတွက် ယူရို ၂၀၂၄ ပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

နည်းပြဆောက်ဂိတ်ဟာ လူငယ်ကစားသမားတွေဖြစ်တဲ့ ဂေါ်ဒွန်၊ကိုးလ်ပါလ်မာ၊ကိုဘီမိုင်နူး၊အီဇီနဲ့ ဝါတန်တို့ကို ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အပြီးသတ်လူစာရင်းမှာ ရွေးချယ်ခဲ့တာပါ။ 

အင်္ဂလန်အသင်းဟာ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီကတည်းက ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားနိုင်ခြင်းမရှိတဲ့ လုပ်ခ်ရှောကိုလည်း အပြီးသတ် လူစာရင်းမှာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ နည်းပြ ဆောက်ဂိတ်က လုပ်ခ်ရှောဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေ အတွင်းမှာ တိုးတက်မှုတွေရှိလာတယ်လို့ ပြောခဲ့တာပါ။

ဆောက်ဂိတ်က “လုပ်ခ်ရှောဟာ အုပ်စုဒုတိယပွဲစဉ်မှာ ပါဝင်နိုင်မယ်လို့ ကျနော်တို့ထင်ပါတယ်။ သူ့ဟာ အလုပ်ကို ကောင်းမွန်စွာလုပ်ဆောင်နေသလို အရှိန်ကောင်းကောင်းနဲ့ လည်ပတ်နေပါတယ်။ လုပ်ခ်ရှောကို ကျနော်တို့ စွန့်စားပြီးခေါ်ယူခဲ့တာပါ။ လုပ်ခ်ရှောဟာ အတွေ့အကြုံရှိတဲ့သူဖြစ်ပြီး တိုက်စစ်အတွက်လည်း ရွေးချယ်ခွင့် ပေးတဲ့သူပါ” လို့ ပြောခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ လုပ်ခ်ရှောပါဝင်နိုင်ဖွယ်မရှိတဲ့ ယူရို ၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ်မှာ ဘယ်နောက်ခံလူအဖြစ် ထရစ်ပီယာကို အသုံးပြုသွားမှာဖြစ်ပြီး ဂျိုဂိုးမက်ဇ်လည်း ဒီနေရာမှာ ကစားနိုင်တာပါ။ အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဒိန်းမတ်၊ဆားဘီးယား၊ဆလိုဗေးနီးယားတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် ဇွန် ၁၆ ရက်မှာ ဆားဘီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:ESPN