CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၃

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က နွေရာသီမှာ အသင်းတစ်သင်းလုံးနီးပါးရောင်းချမယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ဒါတွေက ဟာသတစ်ခုပါပဲ။ ကျနော်တို့ဟာ နွေရာသီတိုင်း၊အပြောင်းအရွှေ့တိုင်းမှာ ကစားသမားအယောက် ၂၀၀ လောက်ကို စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေထွက်ပါတယ်။ ဒါတွေက မှန်ကန်မှုမရှိပါဘူး။ ပြီးတော့ နွေရာသီတိုင်းမှာ ကျနော်တို့ဟာ အသင်းမှာရှိတဲ့ ကစားသမားတွေအားလုံးကို ရောင်းချမယ်လို့ဖော်ပြကြပါတယ်။ မီဒီယာတွေက သတင်းခေါင်းကြီးပိုင်းဖြစ်အောင် ပြုလုပ်နေကြတာပါ၊ ဒါတွေက မမှန်ကန်ပါဘူး” လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေဆိုးရွားနေတာကြောင့် လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဟော့ဂျ်လန်း၊ ကိုဘီမိုင်နူးနဲ့ ဂါနာချိုတို့ကလွဲပြီး တစ်သင်းလုံးကို ရောင်းချကာ ကြီးကြီးမားမားပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ် သွားမယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ 

ဒါ့အပြင် နည်းပြအဲရစ်တန်ဟတ်ရဲ့ ယူနိုက်တက်အသင်း အနာဂတ်ကလည်း သေချာမှုမရှိတော့တာကြောင့် ဒတ်ချ်လူမျိုးနည်းပြဟာ အသင်းဟောင်း အေဂျက်စ် အသင်းထံ ပြန်ဖို့ ချိတ်ဆက်နေတယ်လို့ ဖော်ပြထားကြတာပါ။

နည်းပြ အဲရစ်တန်ဟတ်ကတော့ ဒီသတင်းတွေကို ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS နဲ့ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ အဲရစ်တန်ဟတ်နဲ့ စာချုပ်ကုန်ဆုံးမယ့် လာမယ့်ရာသီ အကုန် ထိ ဆက် လက်တွဲသွားဖို့ အစီအစဉ်ရှိနေတာပါ။ 

ယူနိုက်တက်အသင်းဟာ ရလဒ်ဆိုးတွေကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပြီး ဒီရာသီမှာ ရယူနိုင်စရာတစ်လုံးတည်းသော ဆုဖလားအဖြစ် FA ဖလားသာ ရှိတော့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အသင်း ခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ဒဏ်ရာကြောင့် လွဲချော်နိုင်တယ်လို့ သိရပါတယ်။

Source:Besoccer