CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၂၇

ပြင်သစ်အသင်းတိုက်စစ်မှူး ဘတ်ပီက သူပြောင်းရွှေ့မယ့် အသင်းသစ်ကို ရက်အနည်းငယ်အတွင်း ကြေညာမယ် လို့ ပီအက်စ်ဂျီအသင်းနဲ့ ပြင်သစ်ဖလားရယူပြီးနောက် ပြောလိုက်ပါတယ်။

ဘတ်ပီက “နှုတ်ဆက်တာကို ပြီးအောင်လုပ်ဖို့က အကောင်းဆုံးလို့ထင်ပြီး ကောင်းမွန်စွာ ပြီးဆုံးနိုင်ဖို့ကိုပဲ ကျနော် လိုချင်တာပါ။ အရာအားလုံးအတွက် အချိန်တစ်ခုရှိပါတယ်။ အချိန်တန်ရင် ကျနော့်ရဲ့ ကလပ်အသင်းသစ်ကို ကျနော်ကြေညာမှာပါ။ ဒါကလည်း ရက်အနည်းငယ်ပဲ လိုတော့တဲ့အတွက် ပြဿနာမရှိပါဘူး” လို့ ပြောပါတယ်။

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် နွေရာသီမှာ ထွက်ခွာမယ်လို့ ကြေညာခဲ့ပြီး ရီးရယ်လ်အသင်း ထံ ပြောင်းရွှေ့မယ်လို့ သတင်းတွေ အများအပြားက ဖော်ပြထားတာ ဖြစ်ပါတယ်။

ဘတ်ပီဟာ လိုင်ယွန်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်ဖလားဗိုလ်လုပွဲမှာ ပီအက်စ်ဂျီအသင်း ကစားသမားဘဝ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားသွားခဲ့တာပါ။ 

ပွဲအပြီးမှာ သတင်းထောက်တွေက အသင်းသစ်ကို ဘာကြောင့် တရားဝင် ဖော်မပြသေးတာလဲလို့ ဘတ်ပီကို မေးမြန်းခဲ့တာမှာ ပြင်သစ်ကစားသမားက ရက်အနည်းငယ်အတွင်း ကြေညာမယ်လို့ ဖြေခဲ့တာဖြစ်ပါတယ်။

ဘတ်ပီကို ဂုဏ်ပြုနေကြစဉ်

ဘတ်ပီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ ယှဉ်ပြိုင်ဖို့အတွက် ပြင်သစ်အသင်းနဲ့ မပူးပေါင်းခင်မှာ အသင်းသစ်ကို ကြေညာ သွားဖွယ်ရှိနေတာပါ။ 

၂၀၁၇ ခုနှစ်က မိုနာကိုအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းအတွက် ၃၀၈ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၅၆ ဂိုးသွင်းယူကာ အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည် နိုင်ခဲ့ပါတယ်။ 

အသက် ၂၅ နှစ်အရွယ်ရှိ ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ ပြင်သစ်လီဂူးဝမ်းဖလား ၆ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၅ ခုအထိ ရယူနိုင်ခဲ့တာပါ။

ဒါပေမယ့် ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ ရယူနိုင်ဖို့ မျှော်လင့်ခဲ့တဲ့ ချန်ပီယံလိဂ်ဖလားကိုတော့ ဗိုလ်လုပွဲ တက်နိုင်တာကသာ အမြင့်ဆုံး အောင်မြင်မှုဖြစ်ခဲ့ပြီး ဒီရာသီမှာလည်း ဆီမီးဖိုင်နယ်အဆင့်က ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

Source: ESPN