CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၁၇

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ၂၀၂၄ ခုနှစ်အတွက် Forbes က ထုတ်ပြန်တဲ့ လုပ်ခလစာအများဆုံး အားကစားသမားစာရင်းမှာ ထိပ်ဆုံးနေရာက ရပ်တည်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ Forbes ရဲ့ လုပ်ခလစာအများဆုံး အားကစားသမားစာရင်းမှာ စတုတ္ထအကြိမ်မြောက်အဖြစ် ထိပ်ဆုံးနေရာ ရပ်တည်ခဲ့တာပါ။

ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့ပြီးနောက်မှာ ကမ္ဘာ့လုပ်ခလစာ အများဆုံး အားကစားသမား ဖြစ်လာခဲ့ပါတယ်။ 

စီးပွားရေးမဂ္ဂဇင်း Forbes က ရော်နယ်ဒိုဟာ ဒေါ်လာသန်း ၂၆၀ အထိ ရရှိတယ်လို့ ဖော်ပြခဲ့တာပါ။

အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုရဲ့ ကွင်းအတွင်းဝင်ငွေဟာ ဒေါ်လာသန်း ၂၀၀ ရှိပြီး စပွန်ဆာ သဘောတူညီမှု အပါအဝင် အခြားအရာတွေကြောင့် ကွင်းပြင်ပဝင်ငွေက ဒေါ်လာသန်း ၆၀ အထိရှိနေတာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ အသက် ၄၀ ပြည့်ဖို့ နီးလာပေမယ့် သူ့ရဲ့ ကစားသမားဘဝကို မြင့်မားတဲ့အဆင့်မှာ ဆက်ပြီး ဖြတ်သန်းသွားဖို့ ရည်ရွယ်ထားတယ်လို့ ပြောခဲ့ပါတယ်။

မက်ဆီကို တွေ့ရစဉ်

နံပါတ် ၂ နေရာမှာတော့ စပိန်ဂေါ့ဖ်ကစားသမား ဂျွန်ရမ်က ရပ်တည်နေပါတယ်။

ဂျွန်ရမ်ဟာ ဆော်ဒီထောက်ပံထားတဲ့ LIV Golf Tour ကို ပြောင်းရွှေ့ပြီးနောက်မှာ ဒေါ်လာ ၂၁၈ သန်းနဲ့ ဒီစာရင်းရဲ့ နံပါတ် ၂ နေရာအထိ တက်လာခဲ့တာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုရဲ့ ပြိုင်ဘက်ကြီးဖြစ်တဲ့ အင်တာမိုင်ယာမီ အသင်းခေါင်းဆောင် မက်ဆီက ဒေါ်လာ ၁၃၅ သန်းနဲ့ နံပါတ် ၃ နေရာမှာ ရပ်တည်နေတာပါ။ 

မက်ဆီဟာ ကွင်းအတွင်းဝင်ငွေ ဒေါ်လာ ၆၅ သန်းနဲ့ ကွင်းပြင်ပဝင်ငွေ ဒေါ်လာသန်း ၇၀ ရရှိတာ ဖြစ်ပါတယ်။

နာမည်ကြီး ဘတ်စကတ်ဘော ကစားသမား လီဘရွန်ဂျိမ်းစ်က ဒေါ်လာ ၁၂၈.၂ သန်းနဲ့ နံပါတ် ၄၊ နောက်ထပ် ဘတ်စကတ်ဘော ကစားသမားဖြစ်တဲ့ ဂျီယန်နစ်က ဒေါ်လာ ၁၁၁ သန်းနဲ့ နံပါတ် ၅ နေရာမှာ ရပ်တည်နေတာပါ။ 

ဘောလုံးသမားတွေဖြစ်တဲ့ ဘတ်ပီ၊ နေမာနဲ့ ဘန်ဇီမာတို့ဟာ ဒီစာရင်းရဲ့ နံပါတ် ၆၊၇ နဲ့ ၈ နေရာတွေမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၁၂ လအတွင်း အခွန်နဲ့ အေးဂျင့်တွေကို အခကြေးငွေတွေ မပေးခင် ကမ္ဘာ့လုပ်ခလစာ အများဆုံး အားကစားသမား ၁၀ ဦးရဲ့ စုစုပေါင်း ဝင်ငွေဟာ ဒေါ်လာ ၁.၃၈ ဘီလီယံအထိ ရှိတယ်လို့ Forbes က ပြောထားပါတယ်။

Source: BBC