CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၁၉

ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း ဗန်ပါစီဟာ သူ့ရဲ့ပထမဆုံး အသင်းကြီးနည်းပြ အလုပ်အကိုင်အဖြစ် ဟီရန်ဗင်းအသင်း နည်းပြရာထူး ခန့်အပ်ခံခဲ့ရပါတယ်။

ဖီယင်နုအသင်းကြီးမှာ လက်ထောက်နည်းပြနဲ့ လူငယ်အသင်းတွေမှာ နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ဗန်ပါစီဟာ ဟီရန်ဗင်းအသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့တာပါ။

ဗန်ပါစီဟာ ဖီယင်နုအသင်းမှာ ကစားသမားဘဝက အနားယူခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက နည်းပြလောကထဲကို ဝင်ရောက်ဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒတ်ချ်တိုက်စစ်မှူးဟောင်း ဗန်ပါစီက ဟီရန်ဗင်းအသင်းက နည်းပြရာထူးအတွက် ကမ်းလှမ်းပြီး အခွင့်အရေးပေး ခဲ့တဲ့အတွက် ကျေနပ်တယ်လို့ ပြောခဲ့ပါတယ်။

ဗန်ပါစီက “ဟီရန်ဗင်းဟာ ကြွယ်ဝတဲ့ အစဉ်အလာ၊ သစ္စာရှိတဲ့ အားပေးသူတွေနဲ့အတူ အလွန်ကောင်းမွန်တဲ့ ဒတ်ချ်ကလပ် ဖြစ်ပါတယ်။ နည်းပြအဖြစ် ကလပ်ရဲ့ အားကစား ရည်မှန်းချက်တွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ ပါဝင်ကူညီရမှာက အံ့သြစရာကောင်းတဲ့ စိန်ခေါ်မှုပါပဲ “လို့ ပြောပါတယ်။

ဗန်ပါစီဟာ ၂၀၂၂ ခုနှစ်က ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ရဲ့ နည်းပြအဖွဲ့ဝင်ထဲမှာ ပါဝင်ဖို့ ချဉ်းကပ်ခံခဲ့ရပေမယ့် သူက မိသားစု အကြောင်းပြချက်တွေနဲ့ ပယ်ချခဲ့တာ ဖြစ်ပါတယ်။

ဟီရန်ဗင်းအသင်းကို လက်ရှိကိုင်တွယ်နေတဲ့ နည်းပြ ဗန်ဝန်ဒီရန်ဟာ စာချုပ်ကုန်ဆုံးမယ့် ဒီရာသီအကုန်မှာ ထွက်ခွာတော့မှာပါ။

အဲဒါကြောင့် ဗန်ပါစီဟာ လာမယ့် နွေရာသီက စတင်ပြီး ဟီရန်ဗင်းအသင်း နည်းပြသစ်အဖြစ် တာဝန်ယူရတော့ မှာ ဖြစ်ပါတယ်။

ဟီရန်ဗင်းအသင်းဟာ ဒီရာသီ ဒတ်ချ်လိဂ်အဆင့် ၁၀ နေရာမှာ ရပ်တည်ခဲ့ပြီး လာမယ့်ရာသီ ဥရောပဝင်ခွင့် မျှော်လင့်ချက်နဲ့ ဝေးကွာခဲ့တာ ဖြစ်ပါတယ်။

Source: Metro