CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၁၉

အာဆင်နယ်အသင်းနည်းပြ အာတီတာက ပရီးမီးယားလိဂ်ရာသီ အဆုံးအဖြတ် နောက်ဆုံးပွဲစဉ်တွေ မယှဉ်ပြိုင် ခင်မှာ အသင်းရဲ့ ဆုဖလား အိပ်မက်က ရှင်သန်နေဆဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အာတီတာက “ကျနော် ယုံကြည်ပြီး ဒီနေရာကို ရယူချင်ပါတယ်။ ဆုဖလားကိုင်မြှောက်နိုင်ဖို့ ကြီးမားတဲ့ အခွင့်အရေးနဲ့ ကျနော်တို့ ပရိသတ်ရှေ့မှာ သာယာလှပတဲ့ နေ့တစ်နေ့ကို ပိုင်ဆိုင်ဖို့ရှိပါတယ်။ အိပ်မက်တွေ ရှင်သန်နေပြီး ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်တဲ့အတွက် ဒီအခိုက်အတန့်တွေကို ကျနော်တို့ ရှင်သန်ရပါမယ် “လို့ ပြောပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၁ နေရာက မန်စီးတီးအသင်းနဲ့ ၂ မှတ် အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

နောက်ဆုံးပွဲစဉ်တွေအဖြစ် အာဆင်နယ်အသင်းက အဲဗာတန်အသင်း၊ မန်စီးတီးအသင်းက ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ 

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့ဆိုရင် ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ မန်စီးတီး အသင်း အမှတ်လျော့ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ၂၀၀၃-၀၄ ရာသီက နောက်ဆုံး ရယူနိုင်ခဲ့တာကြောင့် အမှတ်ပေးဖလားနဲ့ ဝေးကွာနေတာ နှစ်ပေါင်းကြာမြင့်ပြီ ဖြစ်တာပါ။

အဲဒါကြောင့် အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို အရယူပြီး ဒီမှတ်တမ်းဆိုးကို အဆုံးသတ်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

မန်စီးတီးအသင်းကတော့ ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ခဲ့ရင် ပရီးမီးယားလိဂ်ဖလားကို စံချိန်တင် ၄ နှစ်ဆက်တိုက် ရယူနိုင်တော့မှာပါ။ 

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာ ဘယ်အသင်းမှ မရယူဖူးသေးတဲ့ ဒီစံချိန်မှတ်တမ်းကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

အာတီတာဟာ အာဆင်နယ်အသင်းကို နည်းပြအဖြစ် မကိုင်တွယ်ခင် မန်စီးတီးအသင်းမှာ ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာမှာ လန်ဒန်ကလပ်ထံ ရောက်ရှိလာခဲ့တာပါ။

 အာတီတာဟာ အာဆင်နယ်အသင်းကို ကွန်မြူနတီဒိုင်း ၂ ကြိမ်နဲ့ FA ဖလား ၁ ကြိမ် ရယူပေးထားတာ ဖြစ်ပါတယ်။

Source: BBC