CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၂၁

လေဗာကူဆင်အသင်း ကွင်းလယ်တိုက်စစ် ကစားသမား ဖလော်ရီယန်ဝစ်ဇ်ဟာ ၂၀၂၃-၂၄ ရာသီ ဘွန်ဒက်လီဂါ ပြိုင်ပွဲရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားအဖြစ် မဲပေးရွေးချယ်ခံခဲ့ရပါတယ်။

ဖလော်ရီယန်ဝစ်ဇ်ဟာ လေဗာကူဆင်အသင်းကို တစ်ရာသီလုံး ရှုံးပွဲမရှိ စံချိန်နဲ့ ဘွန်ဒက်လီဂါ ဆုဖလားကို ပထမဆုံးအကြိမ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ဒီဆုကို ရရှိခဲ့တာပါ။ 

ဖလော်ရီယန်ဝစ်ဇ်ဟာ ဒီရာသီ ဘွန်ဒက်လီဂါ ၃၂ ပွဲ ကစားခဲ့ပြီး ၁၁ ဂိုးသွင်းယူကာ ၁၂ ဂိုး ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဂျာမနီကစားသမားဟာ ပြီးခဲ့တဲ့ ဧပြီက ဝါဒါဘရီမင်အသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ လေဗာကူဆင်အသင်း အနိုင်ရတဲ့ပွဲမှာ လူစားဝင် ကစားသမားအဖြစ် ဝင်ရောက်ပြီး ဟက်ထရစ်သွင်းကာ အသင်းကို အမှတ်ပေးဖလားရယူနိုင်ဖို့ သေချာ စေခဲ့တာပါ။

ဖလော်ရီယန်ဝစ်ဇ်ဟာ ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ၃ ကြိမ် ရယူနိုင်ခဲ့ ပါတယ်။ 

လေဗာကူဆင်အသင်းမှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် ဖလော်ရီယန်ဝစ်ဇ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် ဂျာမနီအသင်း လူစာရင်းမှာ ရွေးချယ်ခံထားရကာ ပြီးခဲ့တဲ့ မတ်လက ပြင်သစ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ဂျာမနီအသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တာပါ။

ဖလော်ရီယန်ဝစ်ဇ်ကို တွေ့ရစဉ်

ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို လေဗာကူဆင်အသင်း တိုက်စစ်မှူး ဘွန်နီဖေ့စ်က ရရှိခဲ့ပါတယ်။

ဘွန်နီဖေ့စ်ဟာ ဒီရာသီ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ လေဗာကူဆင်အသင်းအတွက် ၂၃ ပွဲကစားပြီး ၁၄ ဂိုးသွင်းယူကာ ၁၀ ဂိုးဖန်တီးနိုင်ခဲ့တာပါ။ 

ဘွန်ဒက်လီဂါရဲ့ အကောင်းဆုံးဆုတွေကို ပရိသတ်တွေပေးတဲ့မဲ ၄၀ ရာခိုင်နှုန်း၊ ကလပ်အသင်းတွေကပေးတဲ့ မဲ ၃၀ ရာခိုင်နှုန်းနဲ့ ကျွမ်းကျင်သူတွေပေးတဲ့ မဲ ၃၀ ရာခိုင်နှုန်းပေါ် မူတည်ပြီး ဆုံးဖြတ်တာဖြစ်ပါတယ်။ 

ဘွန်ဒက်လီဂါ ပြိုင်ပွဲ ပြီးဆုံးသွားပေမယ့် လေဗာကူဆင်အသင်းကတော့ ယူရိုပါလိဂ်နဲ့ ပိုကယ်ဖလားဗိုလ်လုပွဲကို ဆက်ပြီးယှဉ်ပြိုင်ရဖို့ ရှိနေတာပါ။ 

လေဗာကူဆင်အသင်းဟာ မေလ ၂၃ ရက်မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် အတ္တလန်တာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA