CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၂၅

ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က သူဟာ ယူနိုက်တက်အသင်းမှာ ဆက်ပြီး ရှိချင်ပေမယ့် ကလပ်အသင်း ကို သူ့ရဲ့မျှော်လင့်ချက်နဲ့ ကိုက်ညီမှု ရှိစေချင်တယ်လို့ ပြောခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်က “အိုးထရက်ဖို့ဒ် ကွင်းထဲကို ဝင်ရတာထက် ဒီကမ္ဘာမှာ ပိုကောင်းတဲ့အရာ မရှိပါဘူး။ အဲဒါကြောင့် ဒီကနေ မထွက်ခွာချင်ပါဘူး။ ဒီမှာကစားဖို့က ကျနော်အမြဲတမ်းမက်ခဲ့ရတဲ့ အိပ်မက်ပါ။ ကျနော့်ရဲ့ မျှော်လင့်ချက်တွေနဲ့ ကလပ်ရဲ့မျှော်လင့်ချက်တွေကို တစ်ထပ်တည်း ကျစေချင်ပါတယ်။ ကျနော်တို့ဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေကို ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ချင်ပါတယ်။ ဖလားဗိုလ်လုပွဲတွေလည်း ကျနော်တို့ ရောက်ရှိချင်ပါတယ်၊ဒါက ကျနော်တို့ရဲ့ စံနှုန်းပါ”လို့ Players' Tribune ကိုပြောခဲ့တာပါ။

၂၀၂၀ ခုနှစ်က စပို့တင်းလစ္စဘွန်း အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်း အတွက် ၂၃၂ ပွဲ ကစားထားပြီး ၇၉ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ 

ပေါ်တူဂီကွင်းလယ်လူဟာ ယူနိုက်တက်အသင်းမှာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မရေမရာဖြစ်နေခဲ့တာကို ပြီးခဲ့တဲ့ ဧပြီက DAZN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

 ဘရူနိုဖာနန်ဒက်စ်ကို တွေ့ရစဉ်

နည်းပြ အဲရစ်တန်ဟတ်ကတော့ အသင်းဟာ သူတို့ရဲ့ အသင်းခေါင်းဆောင်ကို ဆက်ပြီးထိန်းသိမ်းသွားမှာပါလို့ မှတ်ချက်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ယူနိုက်တက်အသင်း ခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဘရူနိုဖာနန်ဒက်စ်က ဒီရာသီမှာ အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် အားလုံးစိတ်ပျက်ခဲ့ရတဲ့အတွက် FA ဖလားဗိုလ်လုပွဲမှာ ရလဒ်ကောင်းရယူဖို့ အသင်းဖော် တွေကို တိုက်တွန်းခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီ ယူနိုက်တက်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ် ခံခဲ့ရပြီး ဒီဆုဟာ သူ့အတွက် တတိယအကြိမ်မြောက် ရရှိခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီနေ့မှာ FA ဖလားဗိုလ်လုပွဲအဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC