CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၂၆

ရီးရယ်လ်ကွင်းလယ်လူ ချူအာမန်နီဟာ ခြေဖဝါးဒဏ်ရာကြောင့် ဒေါ့မွန်အသင်းနဲ့ ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို လွဲချော်မယ်လို့ နည်းပြ အန်ဆယ်လော့တီက အတည်ပြုခဲ့ပါတယ်။

အန်ဆယ်လော့တီက “ချူအာမန်နီဟာ တစ်ဦးချင်း အလုပ်တွေ လုပ်နေပေမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပါဝင်ဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ ယူရိုပြိုင်ပွဲအတွက် သူအဆင်သင့် ဖြစ်မလားဆိုတာတော့ ကြည့်ကျတာပေါ့”လို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေခဲ့တာပါ။

ချူအာမန်နီဟာ အခုလ အစောပိုင်းက ရီးရယ်လ်အသင်းက ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။ 

ပြင်သစ်ကွင်းလယ်လူ ချူအာမန်နီဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပါဝင်နိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် နည်းပြ အန်ဆယ်လော့တီက သူ့ရဲ့ကစားသမားဟာ ဒီပွဲစဉ်ကို ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ပြောသွားခဲ့တာပါ။ 

ချူအာမန်နီကို တွေ့ရစဉ်

ချူအာမန်နီဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ၃၈ ပွဲ ပါဝင်ကစားခဲ့ပြီး ၃ ဂိုးသွင်းယူကာ ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။

ချူအာမန်နီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ ယှဉ်ပြိုင်မယ့် ပြင်သစ်အသင်းရဲ့ ကစားသမား ၂၅ ဦး စာရင်းထဲမှာ ရွေးချယ်ခံ ထားရပြီး ဒီပြိုင်ပွဲအတွက် ပါဝင်ဖို့ အဆင်သင့် ဖြစ်မလားဆိုတာ စောင့်ကြည့်ရဖို့ ရှိနေတာပါ။

၂၀၂၁ ခုနှစ်မှာ ပြင်သစ်အသင်းအတွက် ပွဲဦးထွက်ခွင့်ရခဲ့တဲ့ ချူအာမန်နီဟာ နိုင်ငံအသင်းအတွက် ၃၁ ပွဲ ပါဝင် ကစားထားပြီး အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ နယ်သာလန်၊ သြစတြီးယား၊ ပိုလန်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။

ပြင်သစ်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ မတိုင်ခင်မှာ လူဇင်ဘတ်၊ ကနေဒါအသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source: CNA