CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၈

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က အယ်လ်ဟီလယ်လ်ကို ပြောင်းရွှေ့ဖို့ ငြင်းပယ်ခဲ့ခြင်း မရှိဘူးလို့ အဆိုပါကလပ်ရဲ့ ဥက္ကဋ္ဌ ဖာဟတ်ဘန်နာဖယ်လ်က ပြောလိုက်ပါတယ်။

ဖာဟတ်ဘန်နာဖယ်လ်က “ ကျနော်တို့ ရော်နယ်ဒိုနဲ့ ညှိနှိုင်းမှု ပြုလုပ်ခဲ့ပါတယ်။ ပြဿနာက ငွေကြေး ဒါမှမဟုတ် မူအရလည်း မဟုတ်ပါဘူး။ အယ်လ်ဟီလယ်လ်က ကမ္ဘာ့ကြယ်ပွင့်တွေကို အသင်းထံ ခေါ်ယူနိုင်ပါတယ်။ ဒါပေမယ့် အားကစားခုံရုံးရဲ့ ဆုံးဖြတ်ချက်အရ ကစားသမားတွေကို စာရင်းသွင်းခွင့် ပိတ်ပင်ထားပါတယ်။ ပိတ်ပင်တဲ့ ဆုံး ဖြတ်ချက် ရှိပေမယ့် ကစားသမားနဲ့ ညိနှိုင်းမှုကို ကျနော်တို့ မရပ်တန့်ခဲ့ပါဘူး။ ဒါပေမယ့် ပိတ်ပင်မှုကို ရုပ်သိမ်းတဲ့ အထိ ကျနော်တို့ရဲ့ နောက်ဆုံးအဆင့် ညှိနှိုင်းမှုကို ရောက်ဖို့ နှောင့်နှေးခဲ့ရပါတယ်”လို့ Thamanya Youtube Channel ကို ပြောခဲ့တာပါ။

ကြီးမားတဲ့ ငွေကြေး အပြောင်းအရွှေ့ မပျက်ပြယ်ခင် အချိန်အထိ ရော်နယ်ဒိုအတွက် ဆွေးနွေးညှိနှိုင်းမှုတွေဟာ နောက်ဆုံးအဆင့်ထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ယူနိုက်တက်ကနေ ထွက်ခွာဖို့အတွက် ကြိုးစားခဲ့တာပါ။ ချယ်လ်ဆီး၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ အသလက်တီကိုနဲ့ နာပိုလီအသင်းတို့ဟာ ရော်နယ်ဒိုကို ခေါ်ယူဖို့ အခွင့်အရေးရခဲ့ပေမယ့် ငြင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ရော်နယ်ဒို ကိုတွေ့ရစဉ်(GETTY IMAGES)

အယ်လ်ဟီလယ်လ်အသင်းဟာ ရော်နယ်ဒိုကို ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင် ၂ သန်းအထိ ပေးပြီး ကမ်းလှမ်းခဲ့တာပါ။

ဒါပေမယ့် ဆော်ဒီကလပ်ဟာ အပြောင်းအရွှေ့ ပိတ်ပင်မှုကြောင့် ပေါ်တူဂီ အသင်းခေါင်းဆောင်ကို ခေါ်ယူဖို့ မဖြစ် မြောက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းမှာ ဆက်ရှိခဲ့ပြီး ပရီးမီးယား လိဂ် ပွဲစဉ်တွေမှာ ၁ ပွဲသာ ပွဲစကတည်းက ပါဝင်ခွင့်ရခဲ့ကာ ကျန်တဲ့ ပွဲတွေမှာ လူစားဝင်အဖြစ် ကစားခဲ့ရတာပါ။

ရော်နယ်ဒိုဟာ ရှရစ်ဖ်ကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အခုနှစ်ရာသီ ယူနိုက်တက် အသင်းအတွက် ပထမဆုံး သွင်းဂိုးကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ထပ်မံကြိုးစားဦးမယ်လို့ အသင်းဖော်တွေက ယုံကြည်နေတာလည်း ဖြစ်ပါတယ်။

Source: The Sun