CNI Sport News

 ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆

ဖီနာဘာချီအသင်းနဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့တဲ့ နည်းပြမော်ရင်ဟိုဟာ တစ်နှစ်လုပ်ခလစာ ယူရို ၁၀.၅ သန်းကျော် ရရှိမယ်လို့ တူရကီကလပ်က ပြောခဲ့ပါတယ်။

ဖီနာဘာချီအသင်းဟာ မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ပရိသတ်ထောင်ပေါင်းများစွာအရှေ့မှာ မိတ်ဆက်ခဲ့ပြီးနောက် ၃ ရက်အကြာ ဇွန် ၅ ရက်က စတော့ရှယ်ယာဈေးကွက်ကို အသိပေးတဲ့ကြေညာချက်မှာ ကိန်းဂဏန်းတွေကို ဖော်ထုတ်ခဲ့တာပါ။ 

ဒါပေမယ့် တူရကီကလပ်ဟာ မော်ရင်ဟိုနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ ပါဝင်တဲ့ အပိုဆုကြေးပမာဏကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။ 

မော်ရင်ဟိုဟာ ဖီနာဘာချီအသင်း နည်းပြသစ် ဖြစ်လာအပြီးမှာ ၂၀၁၄ ခုနှစ်နောက်ပိုင်း ရယူနိုင်ခဲ့ခြင်းမရှိတဲ့ တူရကီလိဂ်ဖလားကို ရယူပေးဖို့ လုပ်ဆောင် ပေးရတော့မှာဖြစ်ပါတယ်။

ဖီနာဘာချီအသင်းဟာ ပြီးခဲ့တဲ့ရာသီက တူရကီလိဂ်ပြိုင်ပွဲမှာ ဂါလာတာစာရေးအသင်းရဲ့နောက် အဆင့် ၂ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့တာပါ။

မော်ရင်ဟိုကိုယ်တိုင်ကလည်း ဖီနာဘာချီအသင်းရဲ့ သတင်းစာရှင်းလင်းပွဲမှာ အသင်းကို တူရကီလိဂ်ဖလားရယူပေးနိုင်ဖို့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ 

ပေါ်တူဂီ လူမျိုးနည်းပြဟာ ပေါ်တိုအသင်းကနေ ထွက်ခွာခဲ့တဲ့ ၂၀၀၄ ခုနှစ်ကတည်းက ဥရောပထိပ်တန်း ၅ လိဂ်ရဲ့ အပြင် ဘက်မှာ အလုပ်လုပ်ခဲ့ခြင်းမရှိတာပါ။

မော်ရင်ဟိုဟာ ပေါ်တိုအသင်းက ထွက်ခွာပြီးနောက် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့ကာ ဒီနောက်ပိုင်းမှာ အင်တာမီလန်၊ရီးရယ်လ်၊ယူနိုက်တက်၊စပါးနဲ့ ရိုးမားအသင်းတွေကို ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ 

မော်ရင်ဟိုဟာ စပါးအသင်းကလွဲပြီး ကိုင်တွယ်တဲ့အသင်းတိုင်းမှာ အနည်းဆုံးဆုဖလား ၁ လုံးရယူပေးနိုင်တဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားပါတယ်။ 

အဲဒါကြောင့်လည်း ဖီနာဘာချီအသင်းဟာ အောင်မြင်မှုတွေရယူနိုင်ဖို့ မော်ရင်ဟိုကို နည်းပြ သစ်အဖြစ်ခန့်အပ်ခဲ့တာပါ။

ဖီနာဘာချီအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရဖို့အတွက် ဇူလိုင်အစောပိုင်းမှာ ခြေစစ်ပွဲအဆင့်တွေကို စတင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN