CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၃

ရီးရယ်လ်အသင်းဟာ စံချိန်တင် ၁၅ ကြိမ်မြောက်ရယူနိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ဆုဖလားနဲ့ မက်ဒရစ်မြို့ရဲ့ လမ်းမ ပေါ်တွေမှာ အမိုးဖွင့်ဘတ်စ်ကားနဲ့ လှည့်လှည်အောင်ပွဲခံမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ရီးရယ်လ်အသင်းဟာ ဝင်ဘာလေကွင်းမှာကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဒေါ့မွန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ဆုဖလားကို ရယူနိုင်ခဲ့တာပါ။ 

ရီးရယ်လ်အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်၊ လာလီဂါနဲ့ စပိန်စူပါ ဖလားတို့ကို ရယူနိုင်ခဲ့ပြီး အောင်မြင်တဲ့ရာသီတစ်ခုအဖြစ် အဆုံးသတ်နိုင်ခဲ့ပါတယ်။ 

ရီးရယ်လ်အသင်းဟာ စံချိန်တင်ရယူနိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ဆုဖလားနဲ့ မက်ဒရစ်မြို့အတွင်း လှည့်လှည်အောင်ပွဲခံခဲ့တာမှာ ပရိသတ် ထောင်ပေါင်းများစွာဟာ အသင်းကို ဂုဏ်ပြုကြိုဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

တိုနီကရူးစ်က “ကျနော်တို့ လာလီဂါဆုဖလားနဲ့ အောင်ပွဲခံခဲ့တဲ့ လွန်ခဲ့တဲ့ ၃ ပတ်က ဒီကိုပြန်လာမယ်ဆိုပြီး ခင်ဗျား တို့ကို ကတိပေးခဲ့ပါတယ်။ ဒီနေ့မှာတော့ ကျနော်တို့ ၁၅ ကြိမ်မြောက် ဥရောပဖလားနဲ့ အောင်ပွဲခံနိုင်ခဲ့ပါပြီ။ မမေ့ နိုင်တဲ့ ၁၀ နှစ်တာအတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျနော့်မှာ ပြောစရာစကားမရှိတော့ဘူး”လို့ ပရိသတ် တွေကို ပြောခဲ့တာပါ။

တိုနီကရူးစ်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရယ်လ်အသင်းအတွက် နောက်ဆုံးပွဲစဉ်နဲ့ ကလပ်ကစားသမားဘ၀ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားသွားခဲ့တာဖြစ်ပါတယ်။ 

ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ ရှုံးပွဲ ၂ ပွဲသာကြုံတွေ့ခဲ့ပြီး ၂ ပွဲစလုံးဟာ မြို့ခံပြိုင်ဘက် အသလက်တီကိုအသင်းကို အရေးနိမ့်ခဲ့တာပါ။ 

ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးရယ်လ်အသင်းအတွက် ဒုတိယဂိုးသွင်းယူပေးခဲ့တဲ့ ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်း အတွက် ၂၄ ဂိုးသွင်းယူခဲ့ပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့ပါတယ်။

ဗီနီစီးယက်စ်က “ဒီကိုပြန်လာရတာကို အလွန်ပျော်ရွှင်ပြီး ပရိသတ်တွေနဲ့အတူ ရှိနေရတာက အရေးကြီးပါတယ်။ ကျနော်တို့ဟာ တိုနီကရူးစ်၊နာချို၊မိုဒရစ်နဲ့ ကာဗာဂျဲလ်တို့ဆီကနေ အများကြီးသင်ယူခဲ့ပါတယ်။ ကျနော်တို့ လူငယ် တွေဟာ ဒီထက်ပိုပြီးအနိုင်ယူချင်ကြပါတယ်”လို့ ပြောခဲ့တာပါ။

ရီးရယ်လ်အသင်းရဲ့ ကစားသမားအများစုဟာ မကြာခင်ရက်ပိုင်းအတွင်းမှာ နိုင်ငံပွဲစဉ်တွေယှဉ်ပြိုင်ကစားဖို့ သူတို့  ရဲ့ နိုင်ငံအသင်းတွေထံ သွားရောက်ပူးပေါင်းပြီး လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။ 

Source:ESPN