CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၃

အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုဟာ နည်းပြ အဲရစ်တန်ဟတ် ယူနိုက်တက်အသင်းက ထွက်ခွာရင် အသင်းထံ ပြန်လာဖွယ်ရှိတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ဆန်ချိုဟာ ယူနိုက်တက်အသင်းမှာ နည်းပြ အဲရစ်တန်ဟတ်နဲ့ အဆင်မပြေဖြစ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီက အသင်းဟောင်း ဒေါ့မွန်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ 

ဆန်ချိုဟာ ဒေါ့မွန်အသင်းမှာ သူ့ရဲ့အကောင်းဆုံး ပုံစံတွေပြန်လည် ရှာဖွေနိုင်ခဲ့ကာ အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ့မွန်အသင်းဟာ ဆန်ချိုကို အပြီးသတ် ဝယ်ယူချင်နေပေမယ့် ယူနိုက်တက်အသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ကျော်ကို ပေးချေနိုင်ခြင်း မရှိတာပါ။

အဲဒါကြောင့် ဆန်ချိုဟာ ယူနိုက်တက်အသင်းမှာ ပြန်ကစားဖို့ မျှော်လင့်ချက်ရှိနေဆဲလို့ The Mirror က ဖော်ပြ ထားပါတယ်။

ဒါပေမယ့် ဆန်ချိုဟာ နည်းပြ အဲရစ်တန်ဟတ် ထွက်ခွာမှသာ ယူနိုက်တက်အသင်းမှာ ကစားချင်နေတာကြောင့် သူ့ရဲ့ မန်ချက်စတာကလပ် အနာဂတ်ဟာ ဒတ်ချ်လူမျိုးနည်းပြ ဆက်ရှိ/မရှိ အပေါ်မူတည်နေတာပါ။ 

ဆန်ချိုနဲ့ အဲရစ်တန်ဟတ်ကို တွေ့ရစဉ်

အဲရစ်တန်ဟတ်ဟာ FA ဖလား ဗိုလ်လုပွဲအပြီးမှာ ယူနိုက်တက်အသင်း နည်းပြရာထူးက ထုတ်ပယ်ခံရမယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အခုအချိန်ထိတော့ အသင်းဟာ သူ့ကိုထုတ်ပယ်ဖို့နဲ့ ပတ်သက်ပြီး တုန့်ပြန်မှု မရှိသေးပါဘူး။

ယူနိုက်တက်အသင်း နည်းပြရာထူးအတွက် ဘိုင်ယန်မြူးနစ်အသင်း နည်းပြဟောင်း တူချယ်လ်၊ ချယ်လ်ဆီး အသင်းနည်းပြဟောင်း ပိုချက်တီနို၊ ဘရန်ဖို့ဒ်အသင်းနည်းပြ သောမက်စ်ဖရန့်ခ်နဲ့ ဘရိုက်တန်အသင်း နည်းပြဟောင်း ဒီဇာဘီတို့ ချိတ်ဆက်မှု ခံနေရတာပါ။ 

အဲရစ်တန်ဟတ်ဟာ ဆန်ချိုဆီကနေ တောင်းပန်တာကို လိုချင်ပေမယ့် ကစားသမားကတော့ သူ့ဘက်က ဘာအမှားအယွင်းမှ လုပ်ဆောင်ထားတာ မရှိဘူးဆိုပြီး တောင်းပန်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဆန်ချိုဟာ ဒေါ့မွန်အသင်းထံ အငှားကစားခဲ့တဲ့ကာလအတွင်းမှာ ၂၁ ပွဲကစားခဲ့ပြီး ၃ ဂိုးသွင်းယူကာ ၃ ဂိုး ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Dailymail