CNI Sport News

 ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ 

ရော်နယ်ဒိုဟာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ဘတ်ပီကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးခဲ့တဲ့ မှတ်ချက်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ Like ပေးမှုအများဆုံးရတဲ့ မှတ်ချက်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

ရီးရယ်လ်အသင်းနဲ့ ဘတ်ပီတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အပြောင်းအရွှေ့ကို တရားဝင် ကြေညာခဲ့တာဖြစ်ပြီး ဘတ်ပီဟာ စပိန်ကလပ်နဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုကာ တစ်ရာသီကို ယူရို ၁၅ သန်းရရှိမှာပါ။

ဘတ်ပီဟာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ခွင့် ရခဲ့တာကြောင့် သူ့ရဲ့အိပ်မက် အမှန်တကယ် ဖြစ်လာခဲ့ပြီလို့ ဆိုရှယ်မီဒီယာပေါ်မှာ စပိန်ကလပ် အဝတ်အစား ဝတ်ဆင်ထားတဲ့ပုံတွေနဲ့ တင်ခဲ့တာ ဖြစ်ပါတယ်။ 

ဘတ်ပီ တင်ခဲ့တဲ့ ပုံတွေထဲမှာ သူ့ရဲ့ ဟီးရိုးဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ရိုက်ကူးထားတဲ့ပုံလည်း ပါဝင်ခဲ့တာပါ။

ဘတ်ပီနဲ့ရော်နယ်ဒိုကို တွေ့ရစဉ်

ရော်နယ်ဒိုဟာ ဘတ်ပီ တင်ထားတဲ့ပို့စ်အောက်မှာ “မင်းကိုပြန်ကြည့်ဖို့ ငါရဲ့အလှည့်ရောက်ပြီ။ ဘာနေဗျူးမှာ မင်းတောက်ပတာကို မြင်တွေ့ရမှာဖြစ်လို့ စိတ်လှုပ်ရှားနေတယ်”လို့ မှတ်ချက်ဝင်ရေးခဲ့တာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုပေးခဲ့တဲ့ မှတ်ချက်ကို Likes လုပ်တဲ့သူဟာ ၄.၂ သန်းကျော်သွားခဲ့ပြီး စံချိန်သစ် တင်နိုင်ခဲ့တာပါ။ 

ရော်နယ်ဒိုဟာ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တဲ့ ရီးရယ်လ်အသင်းမှာ ၄၃၈ ပွဲ ကစားခဲ့ပြီး ၄၅၀ ဂိုး သွင်းယူကာ ချန်ပီယံလိဂ်ဖလား ၄ လုံးနဲ့ ဆုဖလား အများအပြားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘတ်ပီကလည်း သူ့ရဲ့ ဟီးရိုးဖြစ်တဲ့ ရော်နယ်ဒိုရဲ့ ခြေရာအတိုင်း လိုက်နင်းကာ ရီးရယ်လ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး အောင်မြင်မှုတွေ ရယူနိုင်ဖို့ မျှော်လင့်နေတာပါ။

ဘတ်ပီဟာ လက်ရှိအချိန်မှာ ယူရိုပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့ ပြင်သစ်အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်ကာ ခြေစမ်းပွဲတွေ ကစားနေပြီး ဒီပြိုင်ပွဲအပြီးမှသာ ရီးရယ်လ်အသင်းရဲ့ ကစားသမားသစ်အဖြစ် တရားဝင် မိတ်ဆက် သွားမှာ ဖြစ်ပါတယ်။

Source: Dailymail