CNI Sport News

 ၂၀၂၄ ခုနှစ်၊ ဇွန်လ ၇

ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် ဘရာဇီးလ်လက်ရွေးစင်အသင်းနဲ့ စတင်ပူးပေါင်းနေပြီဖြစ်တဲ့ ဗီနီစီးယက်စ်က နိုင်ငံအသင်းနဲ့ ပထမဆုံးဆုဖလားအဖြစ် ကိုပါအမေရိကဖလားရယူချင်တယ်လို့ ပြောခဲ့ပါတယ်။

ဗီနီစီးယက်စ်က “ကျနော်ဟာ နိုင်ငံအသင်းနဲ့ ဆုဖလားတွေမရရှိသေးပါဘူး။ အခုဖြစ်လာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ကျနော်တို့မှာ အလွန်အားကောင်းလာမယ့် မျိုးဆက်တစ်ခုရှိတယ်ဆိုတာ သေချာပါတယ်။ အဲဒါကြောင့် ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဆုဖလားရယူနိုင်ဖို့အတွက် ကောင်းမွန်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ် သွားရမှာပါ” လို့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်မီဒီယာကို ပြောခဲ့တာပါ။

၂၀၂၁ ကိုပါအမေရိကဖလားပြိုင်ပွဲနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲဟာ ဗီနီစီးယက်စ်အတွက် ဘရာဇီးလ်လက်ရွေးစင်ကစားသမားဘ၀ တတိယမြောက်ပြိုင်ပွဲဖြစ်ပါတယ်။ 

မကြာသေးခင် ကမှ ရီးရယ်လ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့တဲ့ ဗီနီစီးယက်စ်ဟာ ဒီပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်ရဖို့ရှိနေတာပါ။ 

ဘရာဇီးလ်အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ နေမာဟာ ဒဏ်ရာ ကြောင့် မပါဝင်နိုင်တဲ့အတွက် ဗီနီစီးယက်စ်ဟာ နေမာရဲ့နေရာအစားဝင်ရောက်ပြီး နိုင်ငံအသင်းကို ဆုဖလား ရရှိအောင် ကူညီပေးရတော့မှာဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမတိုင်ခင် ပြင်ဆင်မှုအဖြစ် မက္ကဆီကို၊အမေရိကန်အသင်းတို့နဲ့ အမေရိကန်နိုင်ငံမှာ ခြေစမ်းပွဲကစားဖို့ ရှိနေတာပါ။ 

ဘရာဇီးလ်အသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ကိုလံဘီယာ၊ပါရာဂွေး၊ကော်စတာရီကာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာဖြစ်ပါတယ်။ 

ဘရာဇီးလ် အသင်း ဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ၉ ကြိမ်ရရှိထားပြီး နောက်ဆုံးရရှိခဲ့တာက ၂၀၁၉ ပြိုင်ပွဲမှာ ဖြစ်တာပါ။

ဘရာဇီးလ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ရလဒ်တွေဆိုးခဲ့တာကြောင့် နည်းပြသစ်အဖြစ် ဒိုရီဗယ်လ်ဂျူနီယာကို ခန့်အပ်ထားပြီး သူ့ရဲ့လက်ထက်ကစားခဲ့တဲ့ ခြေစမ်းပွဲ ၂ ပွဲမှာ အင်္ဂလန်အသင်းကို အနိုင်ရ ခဲ့ပြီး စပိန်အသင်းနဲ့ သရေကျခဲ့တာဖြစ်ပါတယ်။

Source:Besoccer