CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၇

ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆန်က ယူနိုက်တက်အသင်းမှာ ပွဲကစားချိန်နည်းပါးတာကြောင့် မပျော်ရွှင်ဘူးလို့ ဝန်ခံခဲ့ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှာ သူ့အနာဂတ်ကို ဆုံးဖြတ်သွားမယ်လို့ ပြောလိုက်ပါတယ်။

အဲရစ်ဆန်က “ကျနော်ဟာ အရန်ခုံပေါ်မှာရှိနေတာကိုဘယ်တော့မှ မပျော်ရွှင်ဘူးဆိုတာ သေချာပါတယ်။ ပုဂ္ဂိုလ်ရေးအရဆိုရင် ကျနော်ဟာ အသင်းမှာ ပထမဆုံးရွေးချယ်ခံရတဲ့သူဖြစ်ချင်ပါတယ်။ နည်းပြကတော့ မတူညီတဲ့နည်းလမ်းနဲ့ ကြည့်တာပေါ့။ ဒါပေမယ့် ကျနော်ဟာ ယူနိုက်တက်အသင်းအတွက် ကစားပေးနေတာ ဖြစ်ပြီး ဒီမှာက ကစားသမားကောင်းတွေအများကြီးရှိတာကြောင့် နေရာအတွက် တိုက်ပွဲဝင်ရမှာပါ။ လက်ရှိ အချိန်မှာတော့ ကျနော်ဟာ ယူရိုပြိုင်ပွဲအပေါ် အပြည့်အဝအာရုံစိုက်ထားပါတယ်” လို့ TV2 နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

၂၀၂၂ ခုနှစ်၊ဇူလိုင်က ယူနိုက်တက်အသင်းထံ အလွတ်နဲ့ ရောက်ရှိလာခဲ့တဲ့ အဲရစ်ဆန်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၂ ပွဲသာပွဲထွက်ခွင့်ရခဲ့ပြီး လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရတာဖြစ်ပါတယ်။ 

အဲရစ်ဆန်ဟာ ယူနိုက်တက်အသင်းက မန်စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ FA ဖလားဗိုလ်လုပွဲမှာလည်း ယူနိုက်တက် အသင်းရဲ့ အရန်လူစာရင်းမှာသာ ပါဝင်ခဲ့တာပါ။ 

အဲဒါကြောင့် အဲရစ်ဆန်က အရန်ကစားသမားအဖြစ်ရှိနေတာကို မပျော်ရွှင်ဘူးလို့ ဝန်ခံခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိ အဲရစ်ဆန်နဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၁ နှစ်သာကျန်ရှိတော့ တာပါ။ 

ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီသစ်မစတင်ခင်မှာ ကစားသမားအချို့ကို ရောင်းချဖို့ ရှိနေပြီး ဒီထဲမှာ အဲရစ်ဆန်လည်း ပါဝင်တယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

 တူရကီကလပ်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းက အဲရစ်ဆန်ကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းထံ ချဉ်းကပ်ခဲ့ပေမယ့် အသင်းဘက်က သူ့ကို ဆက်ထိန်းသိမ်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

အဲရစ်ဆန်ဟာ ယူနိုက်တက်ကစားသမားဘ၀ ၂ ရာသီအတွင်း ၇၂ ပွဲကစားခဲ့ပြီး ၃ ဂိုးသွင်းယူကာ ကာရာဘောင်းနဲ့ FA ဖလားချန်ပီယံဆုတွေကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:Metro