CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄

ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု နောက်ဆုံးပွဲစဉ်မှာ စကော့တလန်အသင်း ဂိုးသမား ဂန်းနဲ့ထိခိုက်မိပြီး မျက်နှာမှာ ပြင်းထန်တဲ့ ဒဏ်ရာရရှိသွားခဲ့တဲ့ တိုက်စစ်မှူး ဗာဂါဟာ ဆေးရုံမှာ အခြေအနေ တည်ငြိမ်နေတယ်လို့ ဟန်ဂေရီ ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့ပါတယ်။ 

ဟန်ဂေရီအသင်းက စကော့တလန်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု နောက်ဆုံး ပွဲစဉ်မှာ ဟန်ဂေရီအသင်း တိုက်စစ်မှူး ဗာဂါဟာ ထိခိုက်မှုကြောင့် ကွင်းအတွင်းမှာ အချိန်အကြာကြီး ကုသမှု ခံယူခဲ့ရတာပါ။ 

ဂန်းနဲ့ ဗာဂါတို့ဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၆၈ မိနစ်မှာ ဆိုဘော့ဇ်လိုင်း ကန်တင်ပေးခဲ့တဲ့ ပြစ်ဒဏ်ဘောမှာ ထိခိုက်မိခဲ့တာ ဖြစ်ပြီး ဟန်ဂေရီအသင်းဖော်တွေဟာ ဆေးအဖွဲ့ကို အမြန်ဆုံး လာရောက်ဖို့ အချက်ပြခဲ့တာ ဖြစ်ပါတယ်။

ဟန်ဂေရီအသင်း ခေါင်းဆောင် ဆိုဘော့ဇ်လိုင်းဟာ ထမ်းစင်ကို ဆေးအဖွဲ့ဝင်တွေနဲ့အတူ ကွင်းထဲကို သယ်ဆောင် လာခဲ့သလို ဗာဂါကုသမှု ခံယူနေချိန်မှာ အသင်းဖော်တွေဟာ ပရိသတ်တွေ မြင်တွေ့ခြင်းမရှိအောင် အကာအကွယ် ပေးခဲ့ကြတာပါ။ 

ဟန်ဂေရီအသင်းကို တွေ့ရစဉ်

ဒီနောက်မှာ ဗာဂါကို ဆေးရုံအလျင်အမြန် ပို့ဆောင်ခဲ့ရတာဖြစ်ပြီး အခုအချိန်မှာတော့ အခြေအနေ တည်ငြိမ်နေ ပြီလို့ ဟန်ဂေရီဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဗာဂါဟာ မျက်နှာမှာ အရိုးတွေ အများအပြား ကျိုးသွားခဲ့ပြီးနောက် ခွဲစိတ်ကုသမှုခံယူရတော့မှာပါ။

ဟန်ဂေရီအသင်းနည်းပြ မာကိုရော့စီက “လူတိုင်းက သူ့အခြေအနေအတွက် စိုးရိမ်ခဲ့ကြပြီး ဆရာဝန်တွေ အနည်း ငယ် နောက်ကျပြီးမှ ရောက်လာတဲ့ အတွက်လည်း စိုးရိမ်ခဲ့ကြပါတယ်။ အခုအချိန်မှာ ဗာဂါအဆင်ပြေပါတယ်။ သူဟာ အရိုးကျိုးသွားခဲ့တာကြောင့် ခွဲစိတ်ကုသမှု ခံယူရပါမယ်။ သူဟာ ကျန်းမာနေပြီး အရေးအကြီးဆုံးက သူကျန်းမာနေဖို့ပါ”လို့ ပြောခဲ့ပါတယ်။

စောကာ့တလန်အသင်းကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဟန်ဂေရီအသင်း ခေါင်းဆောင် ဆိုဘော့ဇ်လိုင်းဟာ ဗာဂါရဲ့ ဂျာစီကို ဝတ်ဆင်ထားခဲ့တာပါ။ 

ဟန်ဂေရီအသင်းဟာ ဒီနိုင်ပွဲကြောင့် အုပ်စုပွဲစဉ်တွေ ကစားအပြီးမှာ ရမှတ် ၃ မှတ်နဲ့ တတိယနေရာ ရပ်တည်ခဲ့တာ ကြောင့် အကောင်းဆုံး အုပ်စုတတိယနဲ့ နောက်တစ်ဆင့် တက်နိုင်မလားဆိုတာ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Source: ESPN