CNI International News

ဝါရှင်တန်၊ ဧပြီ ၂၄

အမေရိကန် အထူးတပ်ဖွဲ့ဝင်များသည် စစ်ဖြစ်နေသော ဆူဒန်ရှိ အမေရိကန်သံရုံးမှ ဝန်ထမ်းများကို တနင်္ဂနွေနေ့ တွင် သွားရောက် ကယ်ထုတ်ခဲ့သည်ဟု အေပီသတင်းက ရေးသား ဖော်ပြခဲ့သည်။

အန္တရာယ်များသော မစ်ရှင်အဖြစ် မြို့တော် ခါတွမ် (Khartoum) သို့ ရဟတ်ယာဉ်များဖြင့် ရောက်ရှိလာကာ တစ်နာရီ မပြည့်ခင် အချိန်အတွင်း ရွှေ့ပြောင်းရေးကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မစ်ရှင်အတွင်း ပစ်ခတ်ခံခဲ့ရခြင်းနှင့် ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ ရရှိမှု တစ်စုံတစ်ရာလည်း မရှိခဲ့ပေ။

အမေရိကန် သံဝန်ထမ်းအားလုံးကို ရွှေ့ပြောင်းပြီးချိန်တွင် ခါတွမ်မြို့ရှိ အမေရိကန်သံအဖွဲ့ကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်သည်။

သို့သော် အရှေ့အာဖရိကနိုင်ငံအတွင်း အမေရိကန်နိုင်ငံသား ထောင်ချီ ကျန်ရှိနေဆဲ ဖြစ်သည်။

RSF လက်နက်ကိုင် ခေါင်းဆောင်နဲ့ နောက်လိုက်များကိုတွေ့ရစဉ်

ပိုမိုကျယ်ပြန့်သော ရွှေ့ပြောင်းရေး လုပ်ဆောင်ရန်မှာ အန္တရာယ်များသည်ဟု အမေရိကန်အရာရှိများက ပြော သည်။ ဆူဒန်နိုင်ငံတွင်းမှ တိုက်ခိုက်မှုများသည် တနင်္ဂနွေနေ့တွင် ကိုးရက်မြောက်နေ့အဖြစ် ရောက်ရှိလာပြီဖြစ် ကာ ပင်မနိုင်ငံတကာ လေဆိပ်ကို ပိတ်ထားရပြီး နိုင်ငံတွင်းမှ ထွက်ခွာသည့် လမ်းများကိုလည်း လက်နက်ကိုင်များ က ထိန်းချုပ်ထားသည်။

တိုက်ပွဲများကြောင့် လူ ၄၀၀ ကျော် သေဆုံးခဲ့ပြီးလည်း ဖြစ်သည်။

ကယ်ဆယ်ရေးတွင် ပါဝင်သည့် တပ်ဖွဲ့များကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်၌ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန် (Joe Biden) က ဆူဒန်တွင် ကျန်ရှိနေဆဲဖြစ်သည့် အမေရိကန်နိုင်ငံသားများကို ပိုမို ကူညီနိုင်ရေး လုပ် ဆောင်ချက်များနှင့် ပတ်သက်သည့် တာဝန်ရှိသူများ၏ ပုံမှန်သတင်းပို့မှုများအား ရရှိထားသည်ဟု ပြောသည်။

ဆူဒန်နိုင်ငံတွင်းမှ အကြမ်းဖက်များကို ရပ်တန့်ရန်လည်း ၎င်းက တောင်းဆိုသည်။

အမေရိကန် တပ်ဖွဲ့ဝင် ၁၀၀ ခန့်က MH-47 ရဟတ်ယာဉ် သုံးစင်းဖြင့် ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့သည် အီသီယိုးပီးယားနိုင်ငံရှိ အမည်ဖော်ပြထားခြင်း မရှိသော နေရာတစ်ခုမှ သံရုံးရှိ လေယာဉ်ကွင်းဆီသို့ ပျံသန်းကာ သံဝန်ထမ်း ၇၀ ခန့်ကို ကယ်တင်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန် အာဖရိကဌာနချုပ်နှင့် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ မာ့ခ်မီလီကို တွေ့ရစဉ်

အီသီယိုးပီးယားသည် လေကြောင်း ပျံသန်းမှုနှင့် လောင်စာဆီ ဖြည့်တင်းမှုတို့ကို ထောက်ပံ့ပေးခဲ့သည်ဟု အမေရိကန်၏ အာဖရိကရေးရာ လက်ထောက်အတွင်းရေးမှူးက ပြောသည်။

ကယ်ဆယ်ရေးတွင် ဒီဂျိုဗူတီ၊ အီသီယိုးပီးယားနှင့် ဆော်ဒီတို့က ကူညီပေးခဲ့သည်ဟုလည်း ဘိုင်ဒန်က ထုတ်ပြန်သည်။

အမေရိကန် အာဖရိကဌာနချုပ်နှင့် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ မာ့ခ် မီလီ (Mark Milley) သည် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် အမေရိကန် တပ်ဖွဲ့ဝင်များနှင့် ဘေးကင်းစွာ ဆောင်ရွက်နိုင်ရေးအတွက် ဆူဒန်ရှိ နှစ်ဖက်သော လက်နက်ကိုင် အဖွဲ့များနှင့် ဆက်သွယ်ခဲ့သည်။

သို့သော် ကယ်ဆယ်ရေး လုပ်ငန်းအတွင်း RSF အဖွဲ့မှ အမေရိကန်တပ်ဖွဲ့ဝင်များကို ကူညီပေးခဲ့သည်ဆိုသည့် သတင်းများကိုတော့ ငြင်းဆိုသည်။

ဆူဒန်ရှိ တိုက်ပွဲများ ရပ်တန့်သွားရန် အနေအထား မရှိချိန်တွင် အမျိုးသားလုံခြုံရေးအဖွဲ့၏ ထောက်ခံချက်ဖြင့် သံဝန်ထမ်းများကို ကယ်ထုတ်ရန်အတွက် ဘိုင်ဒန်က အမေရိကန် အထူးတပ်ဖွဲ့များအား အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

Source: AP