CNI International News

ခါတွမ်၊ ဧပြီ ၂၅

ဆူဒန်နိုင်ငံအတွင်း ဖြစ်ပွားနေသော စစ်ပွဲကြောင့် ဆူဒန်နိုင်ငံသားများ ထွက်ပြေးရန် ရုန်းကန်နေရချိန်မှာပဲ နိုင်ငံခြားအစိုးရများက ၎င်းတို့၏ သံဝန်ထမ်းများကို လေကြောင်းကနေ ကယ်ထုတ်သွားကြောင်း အေပီမှ ရေးသား ဖော်ပြခဲ့သည်။

နိုင်ငံခြားအစိုးရများသည် ဆူဒန်နိုင်ငံအတွင်းရှိ ၎င်းတို့၏ သံအမတ်များ၊ ဝန်ထမ်းများနှင့် တခြားသူများအား တနင်္ဂနွေနေ့တွင် ကယ်ထုတ်ခဲ့သည်။

ဆူဒန်ဗိုလ်ချုပ်ကြီး နှစ်ဦးကြားက တိုက်ပွဲများ ၉ ရက်မြောက်နေ့အထိ ရောက်ရှိလာသည့်တိုင် အပစ်အခတ်ရပ်စဲရေးအတွက် လမ်းစ မရှိချိန်တွင် ဖြစ်သည်။

အမေရိကန်နှင့် ဗြိတိန်တို့ကဲ့သို့ အင်အားကြီး နိုင်ငံများသည် ခါတွမ် (Khartoum)မြို့ရှိ ၎င်းတို့၏ သံဝန်ထမ်းများ ကို လေယာဉ်ဖြင့် ရွှေ့ပြောင်းပေးခဲ့သည်။

ဆူဒန်နိုင်ငံသားများစွာသည်လည်း နိုင်ငံတွင်းမှ ထွက်ခွာရန် အပြင်းအထန် ကြိုးစားလျက်ရှိသည်။

အများစုသည် အန္တရာယ်များသော လမ်းများကို ဖြတ်သန်းကာ မြောက်ဘက် နယ်စပ်ကို ဖြတ်ကျော်၍ အီဂျစ်သို့ ဝင်ရောက်ရန် ကြိုးပမ်းကြသည်။

ဆူဒန်စစ်တပ်နှင့် အင်အားကြီး RSF လက်နက်ကိုင်တပ်ဖွဲ့တို့အကြား တိုက်ပွဲများတွင် လူ ၄၂၀ ကျော် သေဆုံးခဲ့ရ ပြီးလည်း ဖြစ်သည်။

လက်ရှိ တိုက်ပွဲများသည် နိုင်ငံ၏ ပင်မနိုင်ငံတကာ လေဆိပ်မှ လုပ်ငန်းဆောင်ရွက်မှုများကို ထိခိုက်စေခဲ့ကာ အရပ်သား လေယာဉ်များ ပျက်စီးခြင်း၊ လေယာဉ်ပြေးလမ်း အနည်းဆုံးတစ်ခု ပျက်စီးခြင်းအပြင် လေယာဉ် ကွင်းတွင်လည်း မီးခိုးများက ဖုံးလွှမ်းများသည်။

ဆူဒန်နိုင်ငံသားများ တိုက်ပွဲများကို ရှောင်ဖို့ ထွက်ခွာနေကြစဉ်

တခြားသော လေဆိပ်များသည်လည်း လုပ်ငန်းဆောင်ရွက်၍ မရနိုင်သော အခြေအနေတွင် ရှိနေသည်။

အရပ်သားများကို ကာကွယ်ရေးနှင့် အီးယူ နိုင်ငံသားများကို ရွှေ့ပြောင်းပေးရေးတို့အတွက် တိုက်ပွဲများကို ချက်ချင်း ရပ်တန့်ရန် အီးယူနိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲက ဆူဒန် ဗိုလ်ချုပ်ကြီးများကို တိုက်တွန်း ပြောကြားခဲ့သည်။

တိုက်ပွဲများအတွင်း ဆူဒန်ခေါင်းဆောင်ဟောင်း အိုမာ အယ်လ်-ဘာရှားနှင့် တခြားသောအရာရှိများကို ထိန်းသိမ်း ထားရာ ထောင်ကို ထိန်းချုပ်နိုင်ခဲ့သည်ဟု ဆူဒန်စစ်တပ်ဘက်က ပြောသည်။

ထောင်သားတချို့ ထွက်ပြေးမှုရှိသော်လည်း ဘာရှားနှင့် ၎င်းလက်ထက် အရာရှိဟောင်းများကို လုံခြုံရေး တင်းကြပ်သော နေရာတွင် ထိန်းသိမ်းထားကြောင်း၊ ထောင်သားတချို့ ထိခိုက်သေဆုံးခြင်း ရှိကြောင်းလည်း ဆူဒန်စစ်တပ် အရာရှိတစ်ဦးက ပြောသည်။

ဆူဒန်စစ်တပ်သည် ဘာရှားနှင့် တခြားသော ထောင်သားများကို ထောင်မှ ဖယ်ရှားခဲ့သည်ဟု RSF ဘက်က ပြောသော်လည်း ယင်းကို သီးသန့် အတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။

အီဂျစ်နယ်စပ်အနီးရှိ အာကင်(Arqin)နယ်စပ် ဖြတ်ကျော်ရေးစခန်းတွင် အနည်းဆုံး လူ ၅၅ ဦး တင်ဆောင်လာ သော ခရီးသည်တင် ဘတ်စ်ကား ၃၀ ခန့်ရှိနေသည်။

ထိုနေရာသို့ ရောက်ရန်အတွက် ကုန်းလမ်းမှတဆင့် ၁၅ နာရီကြာ အသက်စွန့် လာခဲ့ရသည်ဟု အီဂျစ်ကျောင်းသား တစ်ဦးက ပြောသည်။

ဆူဒန်ကနေ ထွက်ဖို့ ရုန်းကန်နေရတဲ့ ဆူဒန်နိုင်ငံသားများကိုတွေ့ရစဉ်

ဆူဒန်တွင် အင်တာနက်နှင့် တယ်လီဖုန်း ဝန်ဆောင်မှုများသည် တနင်္ဂနွေနေ့ကတည်းက လုံးဝပျက်စီးလုနီးပါး အခြေအနေတွင် ရှိနေသည်ဟု စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုက ပြောသည်။

တိုက်ပွဲများအတွင်း အမေရိကန် အထူးတပ်ဖွဲ့ဝင်များသည် ဆူဒန်ရှိ သံရုံးဝန်ထမ်း ၇၀ နီးပါးကို လေယာဉ်များဖြင့် ကယ်ထုတ်ခဲ့သော်လည်း အမေရိကန်နိုင်ငံသား ထောင်ပေါင်းများစွာ ဆူဒန်နိုင်ငံတွင်း၌ ရှိနေဆဲ ဖြစ်သည်။

ဆူဒန်မှ ထွက်ခွာလာသည့် နိုင်ငံသားများအတွက် ထောက်ပံ့မှုများ လုပ်ဆောင်သွားမည်ဟု ပြင်သစ်နှင့် အီတလီတို့ က ပြောသည်။

ဆူဒန်ရှိ ဂျာမနီသံရုံးဝန်ထမ်း၊ မိသားစုများနှင့် မိတ်ဖက်နိုင်ငံသား ၁၀၁ ဦးကို တင်ဆောင်လာသည့် လေယာဉ် သည် ဂျော်ဒန်မှတဆင့် ဘာလင်သို့ ဘေးကင်းစွာ ရောက်ရှိလာခဲ့ကြောင်း ဂျာမနီအစိုးရက တနင်္လာနေ့ စောပိုင်း တွင် ပြောသည်။

နယ်သာလန်၊ ပြင်သစ်နှင့် အီတလီ အစိုးရများသည်လည်း ဆူဒန်နိုင်ငံတွင်းရှိ ၎င်းတို့ နိုင်ငံသားများနှင့် မိတ်ဖက် နိုင်ငံသားများအား အိမ်နီးချင်းနိုင်ငံများသို့ ပို့ဆောင်ပေးခြင်းဖြင့် ကယ်တင်မှု လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။

Source: AP