CNI International News

ခါတွန်၊ ဇွန်လ ၁၄

ဆူဒန်၏ လူမျိုးစုပဋိပက္ခများ ဖြစ်ပွားမှု မြင့်တက်လာခြင်းသည် လူမျိုးသုဉ်း သတ်ဖြတ်မှုနှင့် ပတ်သက်သည့် စိုးရိမ် မှုများကို မြင့်တက်လာစေခဲ့သည်ဟု အယ်ဂျာဇီးလ်ယား သတင်းတွင် ဖော်ပြထားသည်။ 

ဆူဒန်အစိုးရနှင့် RSF လက်နက်ကိုင်တပ်များ၏ တိုက်ပွဲများ ပြင်းထန်နေသည့် အချိန်တွင် ဖြစ်သည်။ 

တိုက်ခိုက်မှုများ ပြင်းထန်နေသော အယ်လ်ဂျီနီယာနာ (el-Geneina) မြို့သည် RSF အဖွဲ့နှင့် ဆက်စပ်မှုရှိသော မာဆာလစ် (Masalit) လူမျိုးများအပေါ် တိုက်ခိုက်မှုများ ဖြစ်ပွားရာ ပင်မ နေရာတစ်ခု ဖြစ်ခဲ့သည်။

ဆိုးရွားလာသော အကြမ်းဖက်မှုများတွင် ဒေသခံများသည် အိမ်ထဲတွင်သာ ပုန်းအောင်းနေရပြီး အသက်အန္တရာယ် စိုးရိမ်ရမှုကြောင့်  အစားအစာနှင့်ရေကိုပင် အပြင်ထွက် ရှာဖွေနိုင်ခြင်း မရှိပေ။ 

ဆူဒန်နိုင်ငံအတွင်းက တိုက်ပွဲများကြောင့် ကားတစ်စီးမီးလောင်ထားစဉ်

ထိုအကြမ်းဖက်မှုများကြောင့် နိုင်ငံအပြင်ဘက်ရှိ တက်ကြွလှုပ်ရှား သူများနှင့် စောင့်ကြည့် လေ့လာသူများအကြား လူမျိုးသုဉ်း သတ်ဖြတ်မှုနှင့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ပေါ်ပေါက်လာမည့်အပေါ် သတိပေးမှုများ မြင်တက်လာခဲ့သည်။ 

ယခုအတိုင်း ပစ်ထားမည်ဆိုလျှင် လက်ရှိတွင် ပေါ်ပေါက်နေသော အကြမ်းဖက်မှုများသည် လွန်ခဲ့သော နှစ် ၂၀ ဒါဖာ (Darfur) ဒေသမှ အခြေအနေများထက် ပိုမိုဆိုးရွား လာလိမ့်မည်ဟုလည်း တချို့က သတိပေးသည်။ 

ဒါဖာ အရေးအခင်းတွင် ဗဟိုအစိုးရက အာရပ်မဟုတ်သော လူမျိုးစုများကို တိုက်ခိုက်ရန် RSF အဖွဲ့ကို လက်နက် တပ်ဆင်ပေးခဲ့ပြီး လူ ၃ သိန်း သေဆုံးကာ ၂ ဒသမ ၅ သန်း ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရသည်။

ဆူဒန်စစ်တပ်နှင့် RSF လက်နက်ကိုင် အဖွဲ့တို့၏ တိုက်ပွဲများ ပေါ်ပေါက်လာခဲ့ပြီးနောက် မကြာခင် စတင် ဖြစ်ပွားခဲ့သော အယ်ဂီနီယာမှ တိုက်ခိုက်မှုများအတွင်း အနည်းဆုံး လူ ၁၁၀၀ ကျော် သေဆုံးကာများစွာ ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံတက်ကြွလှုပ်ရှားသူများက ပြောသည်။ 

အခြေအနေများကို စောင့်ကြည့်နေသည့် ဒါဖာရှိ ဆရာဝန် အဖွဲ့အစည်း တစ်ခုကလည်း ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို ၁၉၉၄ ခုနှစ် ရဝမ်ဒါလူမျိုးသုဉ်း သတ်ဖြတ်မှု ဖြစ်စဉ်နှင့် နှိုင်းယှဉ် ပြောဆိုမှု ပြုလုပ်ခဲ့သည်။

Masalit လူမျိုးစုများကိုတွေ့ရစဉ် 

အထူးသဖြင့် ဒါဖာဒေသ အပါအဝင် ပြည်နယ်များသို့ အကူအညီများပေးရန် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရ သည်ဟု ဆူဒန်ကျန်းမာရေးဌာနက ဇွန်လ ၁၂ ရက်နေ့က ပြောသည်။

ဒါဖာသည် လက်ရှိတွင် ကမ္ဘာပေါ်၌ အဆိုးရွားဆုံး ဒေသများမှ တစ်ခုဖြစ်လာသည်ဟု နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က ဇွန်လ ၁၁ ရက်နေ့တွင် ပြောသည်။ 

ဒေသခံ ခေါင်းဆောင်များ၊ ရှေ့နေများ၊ ဆရာဝန်များနှင့် သတင်းသမားများသည် ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံနေ ရကြောင်း၊ များစွာလည်း သတ်ဖြတ်ခံခဲ့ရကြောင်း The Darfur Bar အဖွဲ့က ပြောသည်။ 

ဒါဖာမြောက်ပိုင်းတွင် ဒေသခံအစိုးရက ကူတမ် (Kutum) မြို့အား အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ခဲ့သည်။ 

တောင်ပိုင်း ကော်ဒိုဖန် (Kordaofan) ဒေသတွင်လည်း RSF ထောက်ခံသော လက်နက်ကိုင်များက စစ်တပ်နှင့် တိုက်ခိုက်နေပြီး အကြမ်းဖက်မှုများ ပိုမိုဆိုးရွားနေသည်ဟု သတင်းများတွင် ဖော်ပြသည်။

Source: အယ်ဂျာဇီးလ်ယား