CNI International News

ဘန်ကောက်၊ ဇွန်လ ၅

Move Forward ပါတီအား စွန့်ခွာကာ လက်ရှိအစိုးရအတွင်းမှ ပါတီများနှင့် ညွန့်ပေါင်းဖွဲ့ခြင်းသည် ဖြူးထိုင်း (Pheu Thai) ပါတီအတွက် နောက်ဆုံး ရွေးချယ်စရာတစ်ခု ဖြစ်လာနိုင်သည်ဟု ပါတီ၏အရေးပါသော ခေါင်းဆောင်များမှ တစ်ဦးဖြစ်သူက ပြောသည်ဟု Thai PBS သတင်းတွင် ဖော်ပြခဲ့သည်။

လက်ရှိအချိန်တွင် ပြည်သူ့ဆန္ဒနှင့်အညီ ညွန့်ပေါင်းအဖွဲ့တစ်ခု ဖွဲ့စည်းရေးအတွက် ဖြစ်နိုင်ဖွယ်ရှိသည်များ အားလုံး ကို လုပ်ဆောင်သွားရမည်ဟု ဖြူးထိုင်းပါတီ၏ ဒုတိယခေါင်းဆောင် ဖမ်သမ် ဝီချာရာချိုင်း (Phumtham Wechayachai) က ပြောသည်။

MFP ၏ ဦးဆောင်မှုအောက်တွင် ရွေးကောက်ပွဲအလွန် ညွန့်ပေါင်းအဖွဲ့တစ်ခု ဖွဲ့စည်းရေး ပါတီရှစ်ခု၏ ကြိုးပမ်းမှု ကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။

သီတင်းပတ်ကုန်ပိုင်း Thai PBS သတင်းနှင့် အင်တာဗျူးတစ်ခုတွင် လွှတ်တော်အမတ်များက ပီတာအား ဝန်ကြီးချုပ်အဖြစ် လက်မခံခြင်း ရှိလာနိုင်သည်ဆိုခြင်းကို ဖမ်သမ်က မငြင်းဆန်ခဲ့ပေ။

သို့သော် ငြင်းပယ်သူများ အနေဖြင့် ဘာကြောင့် ပီတာအား လက်မခံရပါသလဲ ဆိုခြင်းအပေါ် ခိုင်မာသော အကြောင်းပြချက်တစ်ခု ပေးရမည်ဟု ၎င်းက ပြောသည်။

 ဖြူးထိုင်းပါတီ၏ ဒုတိယခေါင်းဆောင် ဖမ်သမ် ဝီချာရာချိုင်းကို တွေ့ရစဉ်

နိုင်ငံရေးပါတီ ရှစ်ခုသည် လွှတ်တော်တွင်း နေရာများစွာဖြင့် ညွန့်ပေါင်းအဖွဲ့တစ်ခု ဖွဲ့စည်း၍ MFP ပါတီ ခေါင်းဆောင် ပီတာ လင်ဂျာရိုရန်ရတ် (Pita Limjaroenrat) အား ဝန်ကြီးချုပ်အဖြစ် တင်မြောက်ရန် သဘောတူ ထားသည်။

သို့သော် ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း သွင်းရန်အတွက် ပီတာသည် လွှတ်တော်အမတ်များ၏ ထောက်ခံမှုကို လိုအပ်သည်။

ပုဒ်မ ၁၁၂ ကို ပြင်ဆင်မည်ဆိုသည့် MFP ၏ ရပ်တည်မှုကြောင့် ပီတာအား ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခြင်းကို ကန့်ကွက်သွားမည်ဟု လွှတ်တော်အမတ်အများစုက ပွင့်ပွင့်လင်းလင်း ပြောဆိုထားသည်။

ပီတားအား လွှတ်တော်ဘက်ကသာ ပယ်ချခဲ့ပါလျှင် ပါတီရှစ်ခု အနေဖြင့် မည်သို့လုပ်ဆောင်မည်နည်းဟု မေးမြန်း ခဲ့ရာတွင် ဖမ်သမ်က အကြောင်းပြချက်ကို နားထောင်းရန် လိုအပ်ကြောင်း၊ ပြီးမှသာလျှင် ပါတီရှစ်ခု အနေဖြင့် မည်သို့ ဆက်လက် ဆောင်ရွက်မည်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

 

ထိုင်းလွှတ်တော်ကိုတွေ့ရစဉ်

သို့သော် ဖမ်သမ်က ဖြူးထိုင်းအနေဖြင့် ညွန့်ပေါင်းဖွဲ့စည်းရန်အတွက် MFP ကို စွန့်ခွာကာ လက်ရှိ ပရာယွတ် အစိုးရထံမှ ပါတီများဖြင့် ပူးပေါင်းနိုင်သည် ဆိုခြင်းကိုတော့ မငြင်းဆိုခဲ့ပေ။

ယင်းက အလွန်အမင်း ခက်ခဲလိမ့်မည် ဖြစ်ကြောင်း၊ နောက်ဆုံး ရွေးချယ်စရာ တစ်ခုအဖြစ်သာ အသုံးပြုသွားမည် ဖြစ်ကြောင်း ဖမ်သမ်က ဖြေကြားခဲ့သည်။

ဖြူးထိုင်းပါတီသည် မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲတွင် MFP ပါတီပြီး နောက်ဒုတိယနေရာမှ အနိုင်ရရှိခဲ့သည်။

ဖြူးထိုင်းပါတီသည် လက်ရှိအစိုးရအဖွဲ့မှ ပါတီတစ်ချို့နှင့် လျှို့ဝှက်သဘောတူ ညီချက်တစ်ခု ရယူထားသည် ဆိုသည့် ကောလာဟလများလည်း ထွက်ပေါ်လျက် ရှိသည်။

သို့သော် MFP ဦးဆောင်သည့် ပါတီရှစ်ခုသည် ညွန့်ပေါင်းဖွဲ့စည်းရေးအတွက် ကတိပြုထားသည်ဟု ဖမ်သမ်က ပြောသည်။

မဲပေးရာမှ ဖြစ်ပေါ်လာသည့် ပြည်သူများ၏ ဆန္ဒကို လေးစားလိုက်နာ သွားမည်ဟုလည်း ၎င်းက ပြောသည်။

Source: Thai PBS