CNI International News

ဘန်ကောက်၊ ဇွန်လ ၃၀

လွှတ်တော်ဥက္ကဋ္ဌ ရာထူးကို ရွေးချယ်ရန် ရက်နီးကပ်လာချိန်တွင် Move Forward နှင့် ဖြူးထိုင်း (Pheu Thai) ပါတီတို့သည် ပါတီနှစ်ခုအကြား ဆိုးဆိုးရွားရွား သဘောထားကွဲလွဲမှုကို ဖြေရှင်းရန်အတွက် အပေးအယူတစ်ခု ပြုလုပ်ရန် စဉ်းစားနေသည်ဟု သတင်းထွက်ပေါ်လာကြောင်း Thai PBS သတင်းမှ ရေးသားခဲ့သည်။ 

လွှတ်တော်ဥက္ကဋ္ဌရာထူးအတွက် သဘောထားကွဲလွဲမှုသည် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေး ကြိုးပမ်းမှုများကိုလည်း ခြိမ်းခြောက်မှု ဖြစ်လာစေနိုင်သည်။ 

လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်မှုကို လွှတ်တော်၏ ပထမဆုံးအကြိမ် အစည်းအဝေးဖြစ်သော ဇူလိုင် ၁၂ ရက်တွင် ပြုလုပ်မည်ဟု ယူဆရသည်။ 

သို့သော် ဇွန်လ ၂၉ ရက်နေ့အထိ ပါတီနှစ်ခုအကြား ထိုကိစ္စအတွက် သဘောတူညီမှု တစ်စုံတစ်ရာ မရှိသေးပေ။ 

အစိုးရသစ်ဖွဲ့စည်းရေး Move Forward ပါတီ ပါဝင်သော ညွန့်ပေါင်းပါတီများနှင့် အာဏာခွဲဝေရေး အစိတ်အပိုင်း တစ်ခုအဖြစ် ဖြူးထိုင်းပါတီဘက်က လွှတ်တော်ဥက္ကဋ္ဌ ရာထူးအပြင် အစိုးရအဖွဲ့အတွင်း နေရာ ၁၄ နေရာ ရလို ကြောင်း ဆန္ဒရှိနေသည်။ 

သို့သော် တစ်ဖက်တွင်လည်း ရွေးကောက်ပွဲတွင် အမတ်နေရာအများစု ရရှိထားခြင်းကြောင့် Move Forward ပါတီ ကလည်း လွှတ်တော်ဥက္ကဋ္ဌရာထူးနှင့် အစိုးရအဖွဲ့၏ နေရာ ၁၄ နေရာကို အလိုရှိနေသည်။

ထိုင်းလွှတ်တော်ကို တွေ့ရစဉ်

ဖြူးထိုင်းဘက်က အပေးအယူ တစ်ခုပြုလုပ်ရန် စဉ်းစားနေသည်ဟု ပါတီနှင့်နီးစပ်သူများက ပြောသည်။ 

အပေးအယူတွင် ဖြူးထိုင်းပါတီဘက်က အစိုးရအဖွဲ့အတွင်း နေရာတစ်နေရာပိုရကာ လွှတ်တော်ဥက္ကဋ္ဌရာထူးကို Move Forward ပါတီသို့ ပေးမည်ဖြစ်သည်။ 

သို့သော် ထိုအပေးအယူကို ဖြူးထိုင်းပါတီ၏ အကြီးပိုင်းဘက်က လက်ခံသင့်/မသင့် မဆုံးဖြတ်ရသေးဟု သိရသည်။ 

တစ်ဖက်တွင်လည်း Move Forward ပါတီသည် လွှတ်တော်ဥက္ကဋ္ဌရာထူးအတွက် အစိုးရအဖွဲ့တွင်း နေရာ တစ်နေရာကို စွန့်လွှတ်ရန် အဆင်သင့် ရှိနေသည်ဟု ပါတီနှင့်နီးစပ်သူများက ပြောသည်။ 

ထိုသို့ ပါတီနှစ်ခုအကြား အပြိုင်အဆိုင် ဖြစ်နေခြင်းသည် ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် ပါတီနှစ်ခုအကြား အစည်းအဝေးကို ဖျက်သိမ်းရန် ဖြစ်စေခဲ့သည်ဟုလည်း ယူဆရသည်။ 

လွှတ်တော်ဥက္ကဋ္ဌရာထူးနှင့် ပတ်သက်သည့် ကိစ္စသည် Move Forward ပါတီဥက္ကဋ္ဌ ပီတာလင်ဂျာရိုရန်ရတ် (Pita Limjaroenrat) အား ဝန်ကြီးချုပ် နေရာထား၍ ညွန့်ပေါင်းအစိုးရတစ်ရပ်ကို ၎င်းတို့အနေဖြင့် ဖွဲ့စည်းနိုင်မည်လား အကြီးမားဆုံး စမ်းသပ်မှုလည်း ဖြစ်သည်။ 

ထိုင်းပြည်သူများ သူတို့၏ သဘောထားများကို ထုတ်ပြန်နေစဉ်

ခေါင်းဆောင်များသည် ညွန့်ပေါင်းအဖွဲ့တွင်းမှ တခြားသော ပါတီခြောက်ခုနှင့် တွေ့ဆုံမှု မတိုင်ခင် အပေးအယူ တစ်ခု ပြုလုပ်ရန် သဘောတူညီချက် ရရှိနိုင်သည်ဟုလည်း နှစ်ဖက်ပါတီများမှ ယုံကြည်ထားသည်။ 

သို့သော် သဘောတူညီချက် ရယူနိုင်ခြင်းမရှိခဲ့ပါက လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်ရေးအတွက် လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ရမည်ဖြစ်ပြီး ထိုသို့ပြုလုပ်ရမည်ဆိုလျှင် ဖြူးထိုင်းပါတီကသာ အလွယ်တကူ အနိုင်ရရှိသွားလိမ့်မည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ယုံကြည်ထားသည်။ 

သို့သော် ထိုအခြေအနေသည် Move Forward ပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့ စည်းလုံးညီညွတ်ရေးအပေါ် ပြင်းပြင်းထန်ထန် ထိခိုက်စေမည်မှာလည်း သေချာသလောက် ရှိသည်။

Source: Thai PBS