CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ 

လာမည့် ၂၀၂၄ ခုနှစ်မှ စတင်ကာ တအာင်းဒေသအတွင်း တအာင်းမြေတက္ကသိုလ်ကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တအာင်းအမျိုးသားပညာရေးကော်မတီ (TNEC) က ဇွန်လ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့သည်။

လက်ရှိ ပြည်တွင်းမှာ ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများအရ CDM ပြုလုပ်ထားသော တအာင်းဒေသတွင်း ကျောင်းသူ/သားများအနေဖြင့် တက္ကသိုလ်ပညာရပ်များကို ဆက်လက် သင်ယူနိုင်ရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

တအာင်းဒေသ၏ အဆင့်မြင့်ပညာရေးကို ခေတ်နှင့်အညီ ပြောင်းလဲတိုးတက် မြှင့်တင်နိုင်ရန်နှင့် ကျောင်းသူ/သား တိုင်းအတွက် လက်လှမ်းမှီနိုင်သော အရည်အသွေးပြည့် အဆင့်မြင့် ပညာရေးစနစ် ပေါ်ထွန်းလာစေရန် ဉီးတည် ကြောင်း ပြောသည်။

ပြီးခဲ့သည့် နှစ်များက ကိုဗစ်ကပ်‌ရောဂါနှင့် နိုင်ငံ‌ရေး အပြောင်းအလဲများကြောင့် လူငယ်များ ပညာရေးမှာ နောက်ကျခဲ့ရကြောင်း၊ ယခုကဲ့သို့ ဖွင့်လှစ်ခြင်းကို ကြိုဆိုကြောင်း တအာင်းနိုင်ငံရေးသမား မိုင်းအုဏ်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒါကတော့ ပညာရေးပိုင်းကို မြှင့်တင်အားပေးတယ်ဆိုတော့ ကျနော်တို့ကတော့ ဒါကတော့ ကြိုဆိုရမှာ ပေါ့ဗျာ၊ ဒီပညာရေးပိုင်းကို မြှင့်တင်ပေးတယ်၊ အားပေးတယ်၊ နောက်တစ်ခါ လူငယ်တွေကို ပညာရေးမှာ ဆက်ပြီး မှ လေ့လာဆည်းပူးနိုင်အောင် ဆောင်ရွက်ပေးတယ်ဆိုတာ အများကြီး ဝမ်းသာပါတယ်။ လူငယ်တွေ အတွက် တော့ အများကြီး ပညာရေးအပိုင်းမှာတော့ ထိခိုက်နစ်နာသွားတာပေါ့ဗျာ၊ ဒီကိုဗစ် ကာလမှာရော၊ နိုင်ငံ‌ရေး အပြောင်းအလဲမှာရော ပညာရေးမှာ တော်‌တော်လေးကို ခါးပြတ်သွားတာပေါ့ဗျာ၊ အခုလို ပညာရေး တစ်ပိုင်းတစ်စ နဲ့ သွားနေရတဲ့ လူငယ်တွေ အများကြီးရှိနေတာ၊ ပညာရေးကို ပြန်ပြီး အားပေးမြှင့်တင် ပေးတယ်ဆိုတော့ ဒါတော့ ကြိုဆိုရမှာပေါ့ဗျာ” ဟု ပြောသည်။

TNEC စာသင်သားများကိုတွေ့ရစဉ်

တအာင်းမြေတက္ကသိုလ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပညာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပခဲ့သော အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ် စာမေးပွဲ (BECA) - ၂၀၂၃ ကို ဖြေဆိုအောင်မြင်ပြီးသူများနှင့် ၂၀၂၁ ခုနှစ် မြန်မာ့တပ်မတော် အာဏာယူခဲ့သည့်အချိန် မတိုင်မီတွင် အခြေခံပညာ ပြီးမြောက်သူများကို ရည်ရွယ် ၍ ပထမနှစ်သင်တန်းအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်လက်ခံမည်ဖြစ်ကြောင်း TNEC ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

သင်ကြားပို့ချမည့် ဘာသာရပ်များ ဝိဇ္ဇာဘာသာရပ်များ၊ သိပ္ပံဘာသာရပ်၊ နိုင်ငံရေးသိပ္ပံနှင့် စိုက်ပျိုးမွေးမြူရေး ဘာသာရပ်များကို သင်ကြားသွားမည်ဖြစ်ပြီး ကုန်ကျစရိတ်ကို တက္ကသိုလ်ကျောင်းသူ/သားကိုယ်တိုင် တာဝန်ယူ ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုဗစ်ကာလနှင့် နိုင်ငံရေး အခြေနေများကြောင့် တအာင်းဒေသ လူငယ်အများစု ပညာရေးကို စွန့်ခွာပြီး တရုတ် ပြည်သို့ ထွက်ခွာမှု များလာကြောင်း တက္ကသိုလ်ဖွင့်နိုင်ပါက တအာင်းလူငယ်များ တက်လှမ်းရှိလာမည် ဖြစ် ကြောင်း လားရှိုးမြို့နယ် တအာင်းရိုးရာစာပေယဉ်ကျေးမှု ဒုဥက္ကဋ္ဌ ဦးအိုက်ချာက CNI သတင်းဌာနသို့ ပြောသည်။

တအာင်းပညာရေးသင် ဆရာ/ဆရာမများကိုတွေ့ရစဉ်

၎င်းက “လူငယ်‌လေးတွေက ဒီလိုမျိုး ကာလမှာ တချို့လည်း ကျောင်းမတက်နိုင်တာလည်း ရှိတယ်၊ ဒီလိုမျိုး တက္ကသိုလ်လေး ဖွင့်ထားနိုင်တယ်ဆိုတော့ တအာင်းလူငယ်လေးတွေအတွက်‌တော့ ပိုပြီးမှ တက်လမ်းရမယ်လို့ မြင်မိတယ်၊ လူငယ်တွေအတွက်လည်း ဒီအပေါ်မှာ စိတ်ဝင်တစားနဲ့ ပါဝင်ပြီးမှ တက်‌ရောက်ဖို့ရန်လည်း လိုအပ် တာပေါ့နော်၊ အဲဒီလိုမျိုး စိတ်ဝင်စားစွာနဲ့ တက်တက်ကြွကြွပေါ့၊ အဲဒီလိုမျိုးလေးတော့ ဖြစ်စေချင်တယ်ပေါ့နော်၊ ဒီလိုမျိုး ပညာရေးကာလမှာ လူငယ်တွေက ခပ်များများ ပညာရေး အခြေအနေ ဒီလိုမျိုး ဖြစ်နေတဲ့အချိန်မှာ အပြင် လောကရောက်သွားတဲ့ လူငယ်လေးတွေက ခပ်များများ ဖြစ်နေတယ်၊ အဲဒီအပိုင်းလေး မရောက်ပဲနဲ့ ပညာရေးကို ပြန်ပြီးတော့ ဦးစားပေးဖို့ကိုလည်း မှာကြားချင်တာပေါ့နော်” ဟု ပြောသည်။

တအာင်းမြေတက္ကသိုလ်ကို လာမည့် ၂၀၂၄ ခုနှစ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး တက္ကသိုလ် အောင်မြင်ပြီးမြောက် သူများအား ဒီဂရီဘွဲ့၊ ဒီပလိုမာ အောင်လက်မှတ် အသီးသီး ပေးအပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။