CNI International News

ဘန်ကောက်၊ ဇူလိုင် ၄

Prachachat(ဖေးချာချက်)ပါတီခေါင်းဆောင် ဝမ်မူဟာမက် နော်မာသာ (Wan Muhammad Nor Matha) အား လွှတ်တော်ဥက္ကဋ္ဌရာထူးပေးကာ ဒုတိယဥက္ကဋ္ဌရာထူး နေရာနှစ်ခုကိုသာ ပါတီနှစ်ခုက ရယူရန် Move Forward ပါတီ (MFP) နှင့်ဖြူးထိုင်းပါတီ (Pheu Thai)တို့က သဘောတူခဲ့ကြသည်။  

ဝမ်မူဟာမက်နော်အား လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဇူလိုင် ၄ ရက်နေ့တွင် ရွေးချယ်ရန် ပါတီနှစ်ခုစလုံးဘက်က သဘောတူခဲ့သည်ဟု MFP ခေါင်းဆောင် ပီတာလင်ဂျာရိုရန်ရတ် (Pita Limjaroenrat) က ဇူလိုင် ၃ ရက်နေ့ည ပိုင်းတွင် ပြောခဲ့သည်။ 

MFP ဘက်က ဒုလွှတ်တော်ဥက္ကဋ္ဌ(၁) ရာထူးကိုရယူကာ ဖြူးထိုင်းပါတီသည် ဒုလွှတ်တော်ဥက္ကဋ္ဌ(၂) ရာထူးကို ရယူသွားမည် ဖြစ်သည်။ 

ကျန်ညွန့်ပေါင်းပါတီ ခြောက်ခုကလည်း ထိုဆုံးဖြတ်ချက်ကို လက်ခံကြောင်း ပီတာက ပြောသည်။ 

Prachachat သည် ညွန့်ပေါင်းအဖွဲ့ဝင် ပါတီတစ်ခုလည်း ဖြစ်သည်။ 

လွှတ်တော်ဥက္ကဋ္ဌတင်မြှောက်ခံရတဲ့ ဝမ်မူဟာမက် နော်မာသာကို တွေ့ရစဉ်

ယခုဆုံးဖြတ်ချက်သည် နိုင်ငံရေးပါတီ ရှစ်ခုအကြား စည်းလုံးညီညွတ်မှု အတွက်ဖြစ်ကြောင်း၊ ထိုပါတီရှစ်ခုသည် ၎င်းအား ဝန်ကြီးချုပ်အဖြစ် အဆိုပြုရန် အကောင်းဆုံး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပီတာက ပြောသည်။

၎င်း၏အဆိုအရ ပါတီရှစ်ခုသည် ၎င်းအား တစ်ဦးတည်းသော ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းအဖြစ် ထောက်ခံ မှု လုပ်ဆောင်သွားမည်ဟုလည်း သိရသည်။ 

MFP နှင့်ဖြူးထိုင်းတို့သည် နိုင်ငံရေးဆိုင်ရာ အယူအဆများကို ထုတ်ဖော် ပြောဆိုခြင်းအတွက် တရားစွဲ ဆိုခံရသူ များကို လွတ်ငြိမ်းခွင့်ပေးရန်၊ လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပတ်သက်သည့် ဥပဒေများကို ပြုပြင်ပြောင်းလဲရန် စသည့် ဥပဒေများကို ပြန်လည်ပြင်ဆင်သွားမည်ဟု ပီတာက ပြောသည်။ 

မစ္စတာ ဝမ်မူဟာမက်နော်သည် ကြားနေတစ်ဦးဖြစ်ကာ ထိုအဆိုပြုချက်သည် ပါတီရှစ်ခုအကြား အစိုးရဖွဲ့စည်း ရေးကို အဆင်ပြေ ချောမွေ့စေနိုင်ခြင်းကြောင့် ၎င်းအနေဖြင့် Prachachat ခေါင်းဆောင်အား လွှတ်တော်ဥက္ကဋ္ဌ အဖြစ် အဆိုပြုခဲ့ခြင်း ဖြစ်သည်ဟု ဖြူးထိုင်းပါတီ၏ ဒုဥက္ကဋ္ဌ ဖမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) က ပြောသည်။ 

ညွန့်ပေါင်းပါတီ ခေါင်းဆောင်များကိုတွေ့ရစဉ်

၎င်းတို့အနေဖြင့် လွှတ်တော်ဥက္ကဋ္ဌရာထူးအတွက် ပါတီဝင်များကို အဆိုပြုခြင်း လုပ်ဆောင်သွားမည် မဟုတ်သလို တခြားသော ညွန့်ပေါင်းပါတီများ အနေဖြင့်လည်း ဖြူးထိုင်းပါတီဝင် တစ်ဦးကို ထိုရာထူးအတွက် အဆိုပြုခွင့်မရှိဟု ဖြူးထိုင်းခေါင်းဆောင် ချိုနန် သီရီကော (Cholnan Srikaew) က ပြောသည်။ 

MFP သည် လွှတ်တော်အမတ် ပါဒီပတ် ဆန်သီပါဒါ (Padipat Sunthiphada) အား လွှတ်တော်ဥက္ကဋ္ဌ ကိုယ်စားလှယ်လောင်းအဖြစ် ယခင်တုန်းက အဆိုပြုခဲ့သည်။ 

သို့သော် MFP နှင့်ဖြူးထိုင်းပါတီတို့အကြား လွှတ်တော်ဥက္ကဋ္ဌရာထူးအတွက် ဇူလိုင် ၂ ရက်နေ့အထိ သဘောတူညီ ချက် ရရှိခဲ့ခြင်းမရှိဘဲ ဖြူးထိုင်းဘက်က ယင်းတို့၏ အဖွဲ့ဝင်တစ်ဦးကို ထိုရာထူးအတွက် အဆိုပြုခဲ့သည်ဟု သတင်း များ ထွက်ပေါ်လာခဲ့သည်။ 

MFP ဘက်က ဝန်ကြီးချုပ်ရာထူးကို ရယူထားသည့်အတွက် ၎င်းတို့အနေဖြင့် လွှတ်တော်ဥက္ကဋ္ဌ ရာထူးကို ရယူရန် ထိုက်တန်မှု ရှိသည်ဟုလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖြူးထိုင်းဘက်က ပြောခဲ့သည်။ 

Source: ဘန်ကောက်ပို့စ်