CNI International News

ဘန်ကောက်၊ ဇူလိုင် ၂၀

ဇူလိုင် ၁၉ ရက်နေ့က အောက်နှင့်အထက် ပူးတွဲလွှတ်တော်က ဝန်ကြီးချုပ်နေရာအတွက် Move Forward ပါတီ ခေါင်းဆောင် ပီတာလင်ဂျာရိုရတ်အား ထပ်မံအဆိုပြုမှုကို ပယ်ချဖို့ မဲပေးခဲ့ကြသည်။ 

လွှတ်တော် လုပ်ထုံးလုပ်နည်းအရ ပိတ်ပင်ထားကြောင်း လွှတ်တော်ဥက္ကဋ္ဌ  ဝမ်မူဟာမတ်နော်မာသာ(Wan Muhamad Noor Matha)က ပြောသည်။ 

ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် အမတ် ၇၁၅ ယောက်တို့က အင်တာနတ်မှတဆင့် မဲပေးခဲ့ကြပြီးနောက် မစ္စတာ ဝမ်က ယခုကဲ့သို့  ကြေညာလိုက်ခြင်း ဖြစ်သည်။ 

နံနက် ၉ နာရီခွဲအချိန်တွင် ဖွင့်လှစ်ခဲ့သည့် အစည်းအဝေးပြီးနောက် အချိန်အကြာကြီး ငြင်းခုန်ကြပြီးမှ လွှတ်တော် ဥက္ကဋ္ဌက မဲပေးခွင့် ပြုခဲ့ခြင်းဖြစ်သည်။ 

ပူးတွဲလွှတ်တော်တွင် ရွေးကောက်ခံ မဟုတ်သော အထက်အမတ် အများစုဖြစ်သည့် အမတ် ၃၉၄ ယောက်တို့က မစ္စတာပီတာအား ထပ်မံအဆိုပြုမှုကို ဆန့်ကျင်မဲ ပေးခဲ့ကြပြီး ၃၁၂ ယောက်တို့က ထောက်ခံမဲ ပေးခဲ့ကြသည်။ 

ထို့နောက် (၈)ယောက်က မဲမပေးဘဲနေခဲ့ပြီး တစ်ယောက်ကလည်း မဲပေးပိုင်ခွင့်ကို အသုံးမချခဲ့ဟု ဆိုပါသည်။ 

မစ္စတာဝမ်က အများစုမဲဖြင့် ပယ်ချခြင်းဖြစ်သည်ဟု ပြောသည်။ 

ပူးတွဲလွှတ်တော်တွင် မဲအားလုံး၏ ထက်ဝက်ကို ၃၇၄ မဲဟု သတ်မှတ်ထားပါသည်။

ထိုင်း လွှတ်တော်ဥက္ကဋ္ဌ  ဝမ်မူဟာမတ်နော်မာသာကို တွေ့ရစဉ်

ဇူလိုင် ၁၉ ရက်နေ့ အစောပိုင်းက ထိုင်းဖွဲ့စည်းပုံ အခြေခံဥပေဒဆိုင်ရာ တရားရုံးက မစ္စတာပီတာအား လွှတ်တော် အမတ် တာဝန်မှ ဆိုင်းငံ့လိုက်ပြီးနောက် မဲအရေအတွက်ကိုလည်း ပြန်လည်ပြင်ဆင် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ 

မဲခွဲပြီးနောက် မစ္စတာဝမ်က ပူးတော်လွှတ်တော်ကို ပိတ်သိမ်းခဲ့သည်။ 

နောက်တစ်ကြိမ် ဝန်ကြီးချုပ်ရွေးမည့် အစီအစဉ်ကို ဇူလိုင် ၂၇ ရက်တွင် သတ်မှတ်ထားပြီး ဖြူးထိုင်းပါတီ (Pheu Thai)က ၎င်း၏ ဝန်ကြီးချုပ်လောင်းကို အဆိုပြုလာဖွယ် ရှိနေသည်။ 

ဖြူးထိုင်းပါတီ၏ စီးပွားရေးလုပ်ငန်းရှင် ဆရတ်သာထာဗီဆင် (Srettha Thavisin)ကို ရွေးချယ်ဖွယ်ရှိနေပြီး ညွန့််ပေါင်းအဖွဲ့၏ ဖွဲ့စည်းပုံလည်း ပြောင်းလဲသွားဖွယ် ရှိနေသည်။ 

လက်ရှိ (၈)ပါတီ ညွန့်ပေါင်းအဖွဲ့တွင် ဖြူးထိုင်းနှင့်အတူ Move Forward ပါတီ ပါဝင်နေခြင်းကို အထက် လွှတ်တော် အမတ်အများစုက ဖျက်မြင်းအဖြစ် ယူဆနေကြသည်။ 

အကယ်၍ ဖြူးထိုင်းပါတီမှ ဝန်ကြီးချုပ်လောင်း အနေနှင့် ထောက်ခံမဲ အများစု မရပါက နောက်တစ်ကြိမ် အခွင့်အရေး ရတော့မည် မဟုတ်ပေ။ 

ထိုသို့ ဖြစ်လာနိုင်သည်ကိုလည်း မစ္စပီတာက ဇူလိုင် ၁၈ ရက်နေ့ကတည်းက ကြိုတင် သတိပေးထားသည်။ 

သူ့ကို ပိတ်ပင်ရန် မဲပေးခြင်းမှာ ပါလီမန်အတွက် အန္တရာယ်များသည့် စံနမူနာ ဖြစ်လာလိမ့်မည်ဟု သတိပေးခဲ့ ခြင်းပင် ဖြစ်သည်။ 

မဲမပေးမီတွင် ပီတာအား ပြန်လည်အဆိုပြုမှုကို လက်ခံသင့်၊ မခံသင့် လွှတ်တော်အမတ်များ နာရီပေါင်းများစွာ ငြင်းခုန်နေခဲ့ကြသည်။ 

 ဖြူးထိုင်းပါတီက ၀န်ကြီးချုပ်လောင်း ဆရတ်သာထာဗီဆင်နဲ့ ပေတုန်တန်ကိုတွေ့ရစဉ်

ကန့်ကွက်သူများကမူ လွှတ်တော် ကျင့်ထုံး အမှတ် ၄၉ အရ လွှတ်တော် ဆက်ရှင်တစ်ခုတည်းတွင် အရေးနိမ့် သွားသည့် အဆိုတစ်ခုကို ပြန်လည်တင်သွင်းမှုကို ပိတ်ပင်တားမြစ်ထားသည်။ 

ပြီးခဲ့သည့် ရက်သတ္တပတ်က ပီတာအား ပြန်လည်အဆိုပြုမှုကို ပယ်ချထားပြီး ပြန်လည်အဆိုပြုမှုကို ကျိုးကြောင်း ဆီလျော်စေမည့် အပြောင်းအလဲများလည်း ဖြစ်ပေါ်မလာသေးဟု ထောက်ပြကြသည်။ 

ပီတာကို လိုလားသည့် အမတ်များကမူ အဆိုပါ ကျင့််ထုံးမှ ယေဘုယျ အဆိုများအတွက်သာ အကြုံးဝင်ပြီး ဝန်ကြီး ချုပ် အမည်စာရင်း တင်သွင်းမှုနှင့် မသက်ဆိုင်ဟု ပြောကြသည်။ ယခုက အဆိုမဟုတ်၊ အမည်စာရင်း တင်သွင်း ခြင်းဖြစ်သည်ဟု ပြန်လည် ခုခံချေပခဲ့ကြသည်။

လွှတ်တော်အမတ်များအနေဖြင့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၏ ရွေးချယ်မှုကို လေးစားသင့်သည်ဟုလည်း ၎င်းတို့က ပြောသည်။ 

မစ္စတာပီတာ၏ MFP ပါတီမှာ ရွေးကောက်ပွဲတွင် အောက်လွှတ်တော်အမတ်နေရာ ၁၅၁ နေရာဖြင့် အနိုင်ရခဲ့ သည်။ အကယ်၍ သူ့ကြိုးစားမှု အရေးနိမ့်ခဲ့လျှင် ဖြူးထိုင်းပါတီကို ဝန်ကြီးချုပ်လောင်း အဆိုပြုတင်သွင်းရန် လမ်းဖွင့်ပေးမည်ဟုလည်း ပီတာက မကြာသေးမီက ပြောကြားခဲ့သည်။ 

ဖြူးထိုင်းပါတီက အောက်လွှတ်တော် အမတ်နေရာ ၁၄၁ နေရာ ရထားပြီး MFP ပါတီနှင့်အတူ လက်ရှိ ညွန့်ပေါင်း အဖွဲ့တွင် အဓိကကျသည့် ပါတီကြီး တစ်ခုလည်း ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်