CNI International News

ကိယက်ဗ်၊ စက်တင်ဘာ ၅

ယူကရိန်းသမ္မတ ဇာလန်စကီး (Volodymyr Zelenskyy) သည် ယခုသီတင်းပတ်အတွင်း ကာကွယ်ရေးဝန်ကြီး အိုလက်စီ ရက်ဇ်နီကော့ဗ် (Oleksii Reznikov) ကို ထုတ်ပယ်လိုက်သည်။

ထို့နောက် အိုလက်စီရက်ဇ်နီကော့ဗ်၏ နေရာတွင် ယူကရိန်း၏ အဓိက ပုဂ္ဂလိကရန်ပုံငွေ အကြီးအကဲဟောင်း ရပ်စ်တမ် အူမာရော့ဗ် (Rustem Umerov) နှင့် အစားထိုးခန့်အပ်ရန် လွှတ်တော်ကို တောင်းဆိုသွားမည်ဟု ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

စက်တင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့သည့် ဇာလန်စကီး၏ နိုင်ငံတော် မိန့်ခွန်းပြောကြားမှုတွင် စစ်ပွဲကာလအတွင်း ထူထောင်ခဲ့သည့်် ယူကရိန်း၏ ကာကွယ်ရေးကဏ္ဍကို အကြီးမားဆုံး အပြောင်းအလဲများ ပြုလုပ်မည်ဟု ကြေညာ ခဲ့သည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည့် ရက်ဇ်နီကော့ဗ်သည် အနောက်နိုင်ငံ များထံမှ စစ်ရေးအကူအညီ ဒေါ်လာ ဘီလျံချီ ရရှိအောင် ကူညီပေးခဲ့သော်လည်း အဂတိလိုက်စားမှု စွဲချက်များနှင့် လည်း ရင်ဆိုင်ခဲ့ရသူ ဖြစ်သည်။

 ယူကရိန်း ကာကွယ်ရေးဝန်ကြီး အသစ်ဖြစ်လာမယ့် ရပ်စ်တမ် အူမာရော့ဗ်ကို တွေ့ရစဉ်

"ယူကရိန်း ကာကွယ်ရေးဝန်ကြီးရာထူးကို အစားထိုးဖို့ ကျနော် ဆုံးဖြတ်ခဲ့ပါတယ်။ အိုလက်စီ ရက်ဇ်နီကော့ဗ်ဟာ ယူကရိန်းစစ်ပွဲရဲ့ ရက်ပေါင်း ၅၅၀ ကျော်မှာ တစ်လျှောက်လုံး တာဝန်ထမ်းဆောင်ခဲ့သူပါ"ဟု ဇာလန်စကီးက ပြော သည်။

"ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ စစ်တပ်သာမကဘဲ လူ့အဖွဲ့အစည်း တစ်ခုလုံးကိုပါ ထိတွေ့ဆက်ဆံမှုရှိစေမည့် ချဉ်းကပ်မှုအသစ်နဲ့ အခြားပုံစံတွေကို လိုအပ်နေတယ်လို့ ကျနော် ယူဆမိပါတယ်" ဟု ၎င်းက ထပ်လောင်း ပြော ကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီးရာထူး အပြောင်းအလဲအတွက် လွှတ်တော်၏ ထောက်ခံချက်ကို လိုအပ်မည်ဖြစ်သော်လည်း လွှတ်တော်အမတ်အများစုသည် ဇာလန်စကီး၏ ဆုံးဖြတ်ချက်ကို ထောက်ခံဖွယ်ရှိနေသည်။

ဇာလန်စကီးကလည်း အူမာရော့ဗ်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်မှုအား လွှတ်တော်က အတည်ပြုလိမ့် မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

အသက် ၄၁ နှစ်အရွယ် အူမာရော့ဗ်သည် ခရိုင်းမီးယား တာတာ (Crimean Tatar) လူမျိုးဖြစ်ပြီး လွှတ်တော် အမတ်ဟောင်း တစ်ခုဖြစ်ကာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ကတည်းက နိုင်ငံပိုင် အိမ်ခြံမြေ ရန်ပုံငွေ အေဂျင်စီတွင် အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

Source: အယ်လ်ဂျာဇီးယား