CNI International News

ဟနွိုင်း၊ စက်တင်ဘာ ၁၄ 

ဗီယက်နမ်နှင့် ဆက်ဆံရေးများ တိုးမြှင့်သည့် အမေရိကန်၏ လုပ်ဆောင်ချက်သည် တရုတ်ကို ဆန့်ကျင်သည့် စစ်အေးတစ်ခု မဟုတ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီမှ အရာရှိတစ်ဦးက စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

"ဒီကိစ္စဟာ စစ်အေး အခြေအနေ တစ်ခုအတွက် မဟုတ်သလို ဗီယက်နမ်နဲ့ တရုတ်အကြား သံတမန်ရေးရာအရ တစ်ဖက်ဖက်ကို ရွေးချယ်ဖို့အတွက်လည်း မဟုတ်ပါဘူး။ အဲဒီလို ယူဆချက်တွေထဲက တစ်ခု မဟုတ် တစ်ခု ဖြစ်လိမ့်မယ်လို့လည်း ကျနော် မထင်ပါဘူး" ဟု အမေရိကန်၏ အင်ဒို-ပစိဖိတ်ဆိုင်ရာ အမျိုးသား လုံခြုံရေး ကောင်စီ၏ ညွှန်ကြားရေးမှူး မစ္စစီရာရက်ပ်ဟော့ပါ (Mria Rapp-Hooper) က ပြောသည်။

စက်တင်ဘာ ၁၀ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ ဗီယက်နမ်ခရီးစဉ်အတွင်း အမေရိကန်-ဗီယက်နမ် ဆက်ဆံရေးကို သံတမန်ရေးအရ အမြင့်ဆုံး အနေအထားအထိ တိုးမြှင့်ခဲ့သည်။

စက်တင်ဘာ ၁၁ ရက်တွင်မူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မောင်နင်း (Mao Nign)က အမေရိကန်-ဗီယက်နမ် ဆက်ဆံရေး မြှင့်တင်မှုကို တုံ့ပြန်ခဲ့ရာတွင် အမေရိကန်အနေဖြင့် စစ်အေးကာလက အတွေးအမြင်များနှင့် သြဇာလွှမ်းမိုးရေးကို စွန့်လွှတ်ရန် ပြောကြားခဲ့သည်။

အမေရိကန်နဲ့ တရုတ် ခေါင်းဆောင်ကို တွေ့ရစဉ်

"အမေရိကန်အနေနဲ့ အာရှနိုင်ငံတွေနဲ့ ဆက်ဆံရာမှာ နိုင်ငံတကာ ဆက်ဆံရေးရဲ့ အခြေခံ စံနှုန်းတွေနဲ့အညီ ဒေသတွင်း နိုင်ငံတွေရဲ့ တည်ငြိမ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို လေးစားလိုက်နာဖို့ ကျမတို့ တိုက်တွန်းလိုပါတယ်"ဟု မစ္စနင်းက ပြောကြားခဲ့သည်။

အမေရိကန်၏ အင်ဒို-ပစိဖိတ်ဆိုင်ရာ အမျိုးသား လုံခြုံရေးကောင်စီ၏ ညွှန်ကြားရေးမှူး မစ္စမီရာရက်ပ်ဟော့ပါက ဗီယက်နမ်နှင့် ဆက်ဆံရေး မြှင့်တင်ခြင်းသည် အရှိန်အဟုန်ကောင်းပြီး ပွင့်လင်းမှုရှိကာ ဘက်စုံပါဝင်သည့် မိတ်ဖက် ဆက်ဆံရေးဖြစ်ကြောင်း၊ ဗီယက်နမ်ကို နည်းပညာ၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေများအတွက် ကူညီ ထောက်ပံ့ပေးရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

"ဒီဆက်ဆံရေးက ဘယ်သူ့အတွက်မှ မဟုတ်ပါဘူး။ ကျမတို့ နှစ်နိုင်ငံကြားက ဆက်ဆံရေးအတွက် ဖြစ်ပါတယ်။ လွတ်လပ်ပွင့်လင်းတဲ့ တောင်တရုတ်ပင်လယ်မှာ၊ လွတ်လပ် ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ ကျမတို့ရဲ့ ဘုံ အကျိုးစီးပွားတွေ၊ လုံခြုံရေးနဲ့ ချမ်းသာကြွယ်ဝရေးတွေအတွက် သဘောတရားအရ တန်ဖိုးကြီးမားတဲ့ တန်ဖိုး တစ်ခု ဖြစ်ပါတယ်"ဟု ဟော့ပါက ပြောကြားခဲ့သည်။

အမေရိကန်နှင့် တရုတ်သည် ဗီယက်နမ်၏ အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံများ ဖြစ်သည်။

ဗီယက်နမ်နှင့် တရုတ်သည် သဘာဝ သယံဇာတ ပေါကြွယ်ဝသည့် တောင်တရုတ်ပင်လယ်တွင် နယ်မြေ ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး နှစ်ပေါင်းများစွာကြာ အငြင်းပွားခဲ့သည်။

Source: ရိုက်တာ