CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၇

တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ထားသည့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့(UWSA)မှ လူငယ် ခေါင်းဆောင် ၂ ဦးကို  UWSA မှ ထုတ်ပယ်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထုတ်ပယ်ခံရသူ နှစ်ဦးမှာ ပေါက်အိုက်ပန်း (ဆောက်လုပ်ရေးဌာနကြီးမှူး)နှင့် အိုက်ဟော်(မိုင်းလင်းခရိုင်မှူး)တို့ ဖြစ်သည်။

၎င်းတို့ နှစ်ဦး၏လုပ်ရပ်များသည် “ဝ”ဒေသ၏ နိုင်ငံတကာနှင့်သော်လည်းကောင်း၊ အိမ်နီးချင်း နိုင်ငံများနှင့် သော်လည်းကောင်း ဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်စေခဲ့ကြောင်း၊ “ဝ”ဒေသနှင့် အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုနှင့် မိတ်ဖက် ဆက်ဆံရေးကိုလည်း ထိခိုက်စေခဲ့ကြောင်း UWSA က ထုတ်ပြန်ခဲ့သည်။

UWSA ရဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်

ထို့နောက် အဆိုပါ ဖြစ်စဉ်ကို လေ့လာပြီးနောက် မိမိတို့၏ ဂုဏိသိက္ခာနှင့် ပတ်ဝန်းကျင် နိုင်ငံများနှင့် မိတ်ဝတ်မ ပျက် ဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် ပေါက်အိုက်ပန်းနှင့် အိုက်ဟော်တို့ကို  ရာထူးမှ ထုတ်ပယ်လိုက် သည်ဟု UWSA မှ ထုတ်ပြန်ခဲ့သည်။

၎င်းတို့နှစ်ဦးသည် တရုတ်အစိုးရမှ အပြင်းအထန် ဖမ်းဆီးအရေးယူနေသည့် ကျားဖြန့်(အွန်လိုင်း ငွေလိမ်လည် ခြင်းနှင့် အွန်လိုင်းလောင်းကစား)လုပ်ငန်းများနှင့် ပတ်သက်နေခြင်းကြောင့် တရုတ်အစိုးရ ဖမ်းဝရမ်းထုတ်ထား ခြင်းခံထားရသည်။

လက်ရှိတွင် UWSA သည် “ဝ” ဒေသအတွင်းရှိ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသော တရုတ်နိုင်ငံသား ၁၀၀၀ ကျော်ကို ဖမ်းဆီးပြီး တရုတ်အစိုးရထံ လွှဲပြောင်းပေးလျက်ရှိသလို ကိုးကန့်ဒေသအတွင်းမှာလည်း ပြည်သူ့စစ် အဖွဲ့များက ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို ဖမ်းဆီး၍ တရုတ်အစိုးရထံ လွှဲပြောင်းပေးထားသည်။