CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၇

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ တပ်ဖွဲ့ဝင် ၃ ဦးကို တာဝန်ကနေ ရပ်ဆိုင်းခဲ့သော်လည်း ထုတ်ပယ်ခြင်း မဟုတ်ကြောင်း ABSDF ၏ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီက CNI သတင်းဌာနသို့ ပြောသည်။

မိမိတို့ ABSDF အနေဖြင့် ဘက်ပေါင်းစုံကို စဉ်းစားပြီးမှ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ တာဝန်မှ ရပ်ဆိုင်း သော်လည်း တပ်ဖွဲ့ဝင်အနေဖြင့် ရှိနေမှာဖြစ်ကြောင်း ၎င်းက ပြောသည်။

ရဲဘော် ဆန်နီက “မဟုတ်ပါဘူး။ ကျနော်တို့က သူတို့ရဲ့ နိုင်ငံရေးတာဝန်တွေ၊ စစ်ဖက်ဆိုင်ရာ တာဝန်တွေက ရပ် ဆိုင်းထားတာ ဖြစ်ပါတယ်၊ ကျနော်တို့ တပ်ဦးရဲ့ တပ်ဖွဲ့ဝင်အနေနဲ့ ဆက်လက်တည်ရှိနေတုန်း ဖြစ်ပါတယ်ဗျ၊ ဟုတ်ကဲ့ ဒါလည်း ကျနော်တို့ ထည့်သွင်းစဉ်းစားပါတယ်ဗျ၊ ဘက်ပေါင်းစုံက ထည့်သွင်းစဉ်းစားပြီးတော့ အဖွဲ့ အစည်း အနေနဲ့ ကျနော်တို့ စစ်ကောင်စီက ဖိတ်ကြားချက်ကိုလည်း လက်ခံရရှိတယ်၊ ကျနော်တို့လည်း အဖွဲ့ အစည်းရဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီပဲ ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်၊ သို့ပေမဲ့ စစ်ကောင်စီဖက်ကို တွန်းပို့သလို ဖြစ်သလားဆိုတော့ ကျနော်တို့ အမြင်ကတော့ ကျနော်တို့ အဖွဲ့အစည်း ဆောင်ရွက်ချက်အရပါပဲ၊ အဲဒီလိုတော့ ဖြစ်မယ်လို့ ကျနော် မယူဆပါဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

ABSDF အဖွဲ့ကိုတွေ့ရစဉ်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA ) ၈ နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ခဲ့ သည့် ABSDF မှ ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း အပါအဝင် ဗဟိုဦးဆောင်ကောင်မတီဝင်များ ဖြစ်ကြသည့် ရဲဘော် စောမောင်ဦး၊ ရဲဘော် မင်းဇော်တို့ ၃ ဦးကို နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ တာဝန်အသီးသီးကို ရုပ်သိမ်းကြောင်း ABSDF က အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့သည်။

မိမိတို့တပ်ဖွဲ့မှ ချမှတ်ထားသော မူ၊ သဘောထား၊ ရပ်တည်ချက်များနှင့် ဆန့်ကျင်၍ ၎င်းတို့၏ ဆန္ဒသဘောထား သက်သက်ဖြင့် တက်ရောက်ခဲ့သည်ကို တွေ့ရကြောင်း၊ ထို့အတူ ABSDF ၏ မူ၊ သဘောထား၊ ရပ်တည်ချက်များနှင့် ဆန့်ကျင်သည်များကို ဆက်လက်ဆောင်ရွက်ခြင်း မပြုရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်ဖွဲ့ဝင်များကို တာဝန်မှ ရုပ်သိမ်းခြင်းနှင့် ပတ်သက်၍ သဘောထား သိရှိနိုင်ရေး ရဲဘော်မင်းဇော်ထံ CNI က ဖုန်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပါဘူး။

 ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်က NCA ၈ နှစ်ပြည့်အခမ်းအနား တက်ရောက်သူများကို တွေ့ရစဉ်

၎င်းတို့ ၃ ဦးအား တာဝန်မှ ရုပ်သိမ်းခြင်းမှာ ABSDF ဗဟိုကော်မတီဝင် အစည်းအဝေး တက်ရောက်သူ ၇၀ ရာခိုင်နှုန်းကျော်ပါက အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ NCA (၈) နှစ်ပြည့် အခမ်းအနားကို တက်ရောက်ခဲ့သူ ၃ ဦး အနေဖြင့် ABSDF ကိုယ်စားပြု၍ သွားရောက်ခြင်း မဟုတ်ကြောင်း ရဲဘော်ဆန်နီက ပြောသည်။

၎င်းက “အဲဒါတော့ ဘယ်လိုပုံစံ သွားလဲဆိုတာတော့ ကျနော်တို့ မသိပါဘူးဗျ၊ ကျနော်တို့ အဖွဲ့အစည်းတွေကို ကိုယ်စားပြုပြီးသွားတာ မဟုတ်တာ သေချာပါတယ်။ နောက်သူတို့ရဲ့ တစ်သီးပုဂ္ဂလ ဆန္ဒအရ သွားတယ်ဆိုပေမဲ့ ဘယ်လိုပုံစံ သွားတယ်ဆိုတာတော့ ကျနော်တို့ အတိအကျ မသိပါဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့သည်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် မြန်မာ့တပ်မတော်က အာဏာရယူလိုက်ပြီးနောက် NCA က ပျက်ပြယ် သွားပြီဟုဆိုကာ တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက်လျက် ရှိနေသည်။